လိဒ်ယူနိုက်တက်ကို အဝေးကွင်းမှာ ၁-၆ နဲ့ လီဗာပူးလ်တို့ ဂိုးပြတ်အနိုင်ရရှိခဲ့ရာမှာ ဒါဝင်နူနက်ဇ်ကတော့ ပရိသတ်တွေရဲ့ ချီးကျူးမှုကို ရရှိနေပါတယ်။ ငါးပွဲဆက်တိုက်နိုင်ပွဲပျောက်နေတဲ့ လီဗာပူးလ်ဟာ လိဒ်နဲ့အတွေ့မှာတော့ အသားကုန်ပေါက်ကွဲခဲ့ပြီး ၆ ဂိုးအထိ ပြိုင်ဘက်ကို မညှာမတာသွင်းယူခဲ့ကာ ဥရောပဝင်ခွင့်တနေရာအတွက် ဆက်လက်မျှော်လင့်နိုင်ဆဲဖြစ်ပါတယ်။
မိုဟာမက်ဆာလာနဲ့ ဂျိုတာတို့က ၂ ဂိုးစီ၊ ဂက်ခ်ပိုနဲ့ နူနက်ဇ်တို့က တဂိုးစီသွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ ဒီပွဲမှာ နူနက်ဇ်က ၈၁ မိနစ်မှာမှ လူစားလဲဝင်လာခဲ့တာဖြစ်ပြီး ၁၀ မိနစ်သာ ကစားခွင့်ရခဲ့ကာ သွင်းဂိုးတဂိုးတော့ ရအောင်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဥရုဂွေးတိုက်စစ်မှူးဟာလည်း လီဗာပူးလ်အတွက် ၅ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးနေတာဖြစ်ပါတယ်။
အာနိုးရဲ့ ကွင်းလယ်ကနေ ကန်တင်ပေးလိုက်မှုကို နူနက်ဇ်က ရင်ဘတ်နဲ့တချက်ထိန်းကာ လိဒ်ခံစစ်မှူးတွေ ပြေးဝင်ဖျက်ထုတ်လာချိန်မှာ ဘယ်ခြေနဲ့ အနိမ့်ဘောကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်ပရိသတ်တွေကတော့ နူနက်ဇ် ဂိုးပြန်သွင်းနိုင်ခဲ့တဲ့အပေါ် ကျေနပ်ပျော်ရွှင်နေပြီး အခုထက် ပိုကောင်းလာဦးမယ်လို့လည်း မှတ်ချက်ပြုချီးကျူးခဲ့ကြပါတယ်။
Yungen လို့ နာမည်ရတဲ့ ပရိသတ်တဦးက "ဒါဝင်နူနက်ဇ်က တနေ့မှာ ဘလွန်းဒီအောဆုကိုပါ ဆွတ်ခူးလိမ့်မယ်" လို့ တွစ်တာမှာ ရေးသားပြောဆိုခဲ့ပါတယ်။ အခြားတဦးကလည်း "သူ အသင်းမှာရှိနေတာ မကြာသေးပေမယ့် ငါ အကြိုက်ဆုံးကစားသမားပဲ" လို့ ဆိုခဲ့ကာ နောက်ထပ်တဦးကလည်း "သူ ကွင်းထဲမှာရှိနေရင် အသင်းကစားပုံက ပိုပြီးတော့ကောင်းတယ်၊ ကလော့ပ်က ဘာလို့သူ့ကို ပွဲမထုတ်တာလဲ" လို့ မေးခွန်းထုတ်ခဲ့ပါတယ်။
ဒါဝင်နူနက်ဇ်ကတော့ လီဗာပူးအတွက် ဒီရာသီပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၅ ဂိုးရရှိထားပြီး ဖန်တီးမှု ၄ ကြိမ် ပြုလုပ်ပေးထားပါတယ်။