အသင်းဖော်တိုက်စစ်မှူးဒါဝင်နူနက်ဇ်က သူ ဘယ်လိုကစားသမားလဲဆိုတာကို ပြသနိုင်ခဲ့တယ်လို့ လီဗာပူးလ်နောက်ခံလူအာနိုးလ်က ချီးကျူးပြောဆိုလိုက်ပါတယ်။ ကွန်မြူနတီဒိုင်းပွဲမှာ မန်စီးတီးကို ၃-၁ နဲ့ အနိုင်ရခဲ့ရာမှာ နူနက်ဇ်က လူစားဝင်လာပြီးနောက် အရေးပါတဲ့ သွင်းဂိုး ၂ဂိုး ရရှိအောင် စွမ်းဆောင်ပေးခဲ့ကာ အသင်းကို ကွန်မြူနတီဒိုင်းဆွတ်ခူးစေခဲ့ပါတယ်။
လီဗာပူးလ်ရဲ့ ရာသီကြိုခြေစမ်းပွဲတွေမှာ လှောင်ပြောင်ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ နူနက်ဇ်က အရန်ခုံကထလာပြီး အသင်းအတွက် အကျိုးသက်ရောက်မှုကို ပြသခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ခေါင်းတိုက်ချက်ကြောင့် လီဗာပူးလ်တို့ ပင်နယ်တီရရှိခဲ့ပြီး ဆာလာက ကန်သွင်းယူခဲ့ကာ နူနက်ဇ်ကိုယ်တိုင်ကလည်း အနိုင်သေချာစေမယ့် သွင်းဂိုးတဂိုးကို ထပ်မံရယူခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ITV က တဆင့် အာနိုးလ်က "သူ့ခြေစွမ်းက အဲဒီလိုနေရာမှာပဲ ရှိနေရမှာ၊ ပင်နယ်တီရအောင်ယူခဲ့တယ်၊ တဂိုးသွင်းခဲ့တယ်၊ တဦးချင်းအနေအထားမျိုးနဲ့လည်း သူ ရင်ဆိုင်နိုင်ခဲ့တယ်၊ သူ့ကိုကြည့်ရတာ သွက်တယ်၊ အရမ်းသွက်တယ်၊ သူက ကျနော်တို့အတွက် ဂိုးတွေသွင်းပေးဖို့ ဝယ်ထားတဲ့သူတယောက်ပါ၊ သူ ဒီနေ့လုပ်နိုင်တယ်ဆိုတာကို သက်သေပြခဲ့ပါပြီ"
"သူက ထိပ်တန်းကစားသမားပါ၊ လူငယ်ကစားသမားတဦးလည်းဖြစ်ပြီး အသင်းနဲ့အတူ သူ ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်၊ သူ လူစားဝင်လာပြီးတော့ ကောင်းကောင်းကြိုးစားခဲ့ပြီး သူ့ခြေစွမ်းက အကောင်းဆုံးမဟုတ်သေးဘူးဆိုတာကို သူ သိနေခဲ့ပါတယ်၊ ဒီနေ့မှာ သူ ဘာလဲဆိုတာကို သက်သေပြဖို့အတွက် လာခဲ့ပြီး အသင်းအတွက်အနိုင်ဂိုးတွေသွင်းပေးခဲ့ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။
နူနက်ဇ်ဟာ အားလုံးရဲ့ အထင်သေးမှုတွေကို ရရှိနေခဲ့ပြီး မနေ့ကပွဲမှာတော့ အဆိုပါအရာအားလုံးကို ဖယ်ရှားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဟာလန်းနဲ့ သူ့ရဲ့အားပြိုင်မှုကို စောင့်ကြည့်နေကြချိန်မှာ အသာရအောင်လည်း စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။