လီဗာပူးနည်းပြ ကလော့ပ်က သူ့အသင်းရဲ့တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ကို ဝေဖန်နေကြတဲ့အပေါ် ကာကွယ်ပြောကြားပေးခဲ့ပါတယ်။ နူးနက်ဇ်ဟာ ဒီရာသီမှာ လီဗာပူးအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုးတဂိုးသာ သွင်းယူထားနိုင်ပါသေးတယ်။ ဒါ့အပြင် နောက်ပိုင်းပွဲတွေမှာလည်း ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရပါတယ်။
နူးနက်ဇ်အတွက် လီဗာပူးတို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) ပေးချေခဲ့ရပေမယ့် ဒီကစားသမားကတော့ ရာသီကြိုကာလမှာတည်းက ပုံမှန်ခြေစွမ်းပျောက်ဆုံးမှု၊ အပိုင်အခွင့်အရေး လွဲချော်မှုတွေကြောင့် ဆက်တိုက်ဝေဖန်ခံနေရပါတယ်။ ကွန်မြူနတီဒိုင်း၊ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲတို့မှာတော့ နူးနက်ဇ်က ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒီကစားသမားက အန်ဖီးလ်ကွင်းမှာ ပထမဆုံး ကစားခဲ့ရတဲ့ပွဲမှာ တိုက်ရိုက်အနီကတ်ထိခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာ အသင်းအတွက် ဂိုးပါမသွင်းယူနိုင်တော့တာဖြစ်ပါတယ်။ ရိန်းဂျားစ်နဲ့ ချန်ပီယံလိဂ်ပွဲအပြီးမှာလည်း အဆိုပါ ဥရုဂွေးလက်ရွေးစင်က ကလော့ပ်ပြောတဲ့ ပွဲကြိုစကားတွေနဲ့ ပတ်သက်လို့ နားမလည်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။
ဘာသာစကားအခက်အခဲကြောင့်လည်း နူးနက်ဇ်က ကလော့ပ်ပြောတဲ့အဓိပ္ပာယ်တွေကို အသင်းဖော်တွေဆီ ပြန်မေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ကလော့ပ်ကတော့ သူ့ကစားသမားနဲ့ပတ်သက်လို့ အပြည့်အဝ ကာကွယ်ပေးနေဆဲဖြစ်ပါတယ်။ ကလော့ပ်က “ခင်ဗျားတို့ လေ့ကျင့်ရေးကွင်းမှာ နူးနက်ဇ်ရဲ့ အဆုံးသတ်စွမ်းဆောင်ရည်ကို လာကြည့်လိုက်ပါ”
“အိုးမိုင်ဂေါ့ဆိုပြီးတော့ကို ဖြစ်သွားပါလိမ့်မယ်။ သူက ဖိအားတွေ ဒါမှမဟုတ် ဒီလိုအရာတွေနဲ့ အလားတူကိစ္စတွေနဲ့ ရင်ဆိုင်နေရပါတယ်။ နူးနက်ဇ်အနေနဲ့ အေးအေးဆေးဆေး ရင်ဆိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကွင်းအတွင်း လှုပ်ရှားမှုတွေက တကယ်ကို ထူးချွန်ပြောင်မြောက်ပါတယ်။ သူ ဒီအတိုင်းဆက်သွားဖို့ပဲ လိုအပ်တာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။