ဘဝမှာ ကျန်းမာလှပနုပျိုစေဖို့အတွက် အကျင့်ကောင်းလေးတွေ မွေးမြူပြီး နေထိုင်သွားလို့ရပါတယ်။

ကျန်းမာရေးကောင်းပြီး နုပျိုလှပစေမယ့် အကျင့်ကောင်းလေးတွေ ရှိပါတယ်။ ဒီလို အကျင့်ကောင်းလေးတွေကို မွေးမြူပြီး နေ့စဉ်ကျင့်သုံးမယ်ဆိုရင် ဘယ်အရွယ်ကို ရောက်နေပါစေ နုပျိုသွက်လက်ပြီး လှပနေမယ်ဆိုတာ အာမခံနိုင်ပါတယ်။ ဘာမှ ပင်ပင်ပန်းပန်း အားထုတ်နေစရာမလိုပါဘူး။ ကိုယ့်ရဲ့ အကျင့်ဆိုးတွေကို နှင်ထုတ်ပြီး အကျင့်ကောင်းလေးတွေ မွေးမြူဖို့ပဲ လိုအပ်တာပါ။ ကဲ…ဘယ်လို အကျင့်ကောင်းလေးတွေ ဖြစ်မလဲဆိုတာ သိချင်နေပြီမလား။ တစ်ချက်ချင်းပြောပြမယ်နော်။

လေ့ကျင့်ခန်းလုပ်ဖို့ မပျင်းပါနဲ့

နုပျိုကျန်းမာချင်တယ်ဆိုရင်တော့ ပထမဆုံးအနေနဲ့ လေ့ကျင့်ခန်းလုပ်ဖို့ ပျင်းနေလို့ မရပါဘူး။ လေ့ကျင့်ခန်းလို့ ပြောတဲ့နေရာမှာ Gym တွေဘာတွေ သွားနေမှမဟုတ်ပါဘူး။ အိမ်တွင်းလေ့ကျင့်ခန်းတွေ ၊ အိမ်အနီးပတ်ဝန်းကျင်တလျှောက် ဖွဖွပြေးတာ ၊ လမ်းလျှောက်တာမျိုးတွေ ပြုလုပ်လို့ ရပါတယ်။ လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးခြင်းအားဖြင့် ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ပါတယ်၊ နှလုံးကိုလည်း ကျန်းမာစေပါတယ်။ သွေးတွင်းက မကောင်းတဲ့အဆီတွေကို လျော့ကျစေပြီး သွေးတိုးတာတွေလည်း မဖြစ်တော့ပါဘူး။ ကြွက်သားတွေကိုလည်း တောင့်တင်းစေပြီး အဆုတ်အားလည်း ကောင်းစေပါတယ်။ အရိုးအဆစ်တွေကိုလည်း အားကောင်းစေတဲ့အတွက် လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးသင့်ပါတယ်။

တစ်နေ့ကို မိနစ် ၃၀လောက်နဲ့ တစ်ပတ်ကို ၅ကြိမ် သို့ ၆ကြိမ်လောက်တော့ လုပ်ပေးသင့်ပါတယ်။ နေ့လည်စာချိန်တွေမှာလည်း ၁၀ မိနစ် သို့ ၁၅ မိနစ်ခန့် လမ်းလျှောက်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်။ အချိန်မပေးနိုင်ဘူးဆိုပြီး လေ့ကျင့်ခန်းမလုပ်ပဲ မနေပါနဲ့။ နေ့စဉ် အထက်ကပြောခဲ့သလို လေ့ကျင့်ခန်း ပုံမှန်လုပ်နေမယ်ဆိုရင် အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ လှပနုပျိုနေမှာ သေချာပါတယ်။

-လမ်းလျှောက်ပါ

-ခန္ဓာကိုယ်အနေအထားကို ဖြောင့်မတ်စွာထားပါ။

-ကိုယ်လက်လှုပ်ရှားမှုရှိပါစေ

-ကြွက်သားတွေကို အသုံးပြုပါ

မနက်စာကို လက်လွှတ်မခံပါနဲ့

အလုပ်နောက်ကျနေပြီ၊ ကျောင်းနောက်ကျနေပြီဆိုပြီး မနက်စာကို မစားဘဲနေလိုက်တာမျိုးတွေ မလုပ်ပါနဲ့ ။ တစ်နေ့တာကို အစပြုမယ့် မနက်စာဟာ အာဟာရပြည့်ဝနေဖို့ လုံးဝလိုအပ်ပါတယ်။ မနက်စာကို မစားဘဲနေတာဟာ လတ်တလောအချိန်မှာ မသိသာပေမယ့် ကြာလာတဲ့အခါမှာ ကျန်းမာရေးကို အလွန်ထိခိုက်စေတဲ့ အကျင့်ဆိုးပါပဲ။ မနက်စာကို ပရိုတင်းဓာတ်ပြည့်ဝတဲ့ အစားအစာမျိုး၊ အမျှင်ဓာတ်ပြည့်ဝတဲ့ အစားအစာမျိုး၊ ဗီတာမင်အပြည့်အဝရရှိနိုင်မယ့် အစားအစာမျိုးကို ရွေးချယ်စားသုံးသင့်ပါတယ်။ ဒီလို မနက်စာကို အာဟာရပြည့်ဝအောင် စားသုံးမှသာ တစ်နေ့တာလုံးမှာ အင်အားအပြည့်နဲ့ ဆောင်ရွက်ရမယ့် တာဝန်တွေကို ကျေပွန်နိုင်မှာပါ။ နုပျိုလှပကျန်းမာနေစေဖို့အတွက်လည်း မနက်စာကို အာဟာရအပြည့်နဲ့ စားသုံးတဲ့ အကျင့်ကို ကျင့်ယူရပါမယ်။ မြန်မာအမျိုးသမီးတွေမှာ ရှိတတ်တဲ့ အကျင့်ဆိုးတွေကတော့ သားရေစာမကြာခဏစားတတ်တာ၊ ဆီကြော်မုန့်တွေကို နှစ်နှစ်ခြိုက်ခြိုက်စားသုံးတတ်ကြတာပါ။ အဲဒီအကျင့်ဆိုးတွေကိုလည်း တတ်နိုင်သလောက် ဖျောက်ပစ်ရပါမယ်။

စားသောက်မှုပိုင်းဆိုင်ရာ အကျင့်တွေ

အကျင့်ကို မွေးမြူရာမှာလည်း အစားအသောက်စားသောက်တဲ့ အပိုင်းကိုလည်း သေချာမွေးမြူသင့်ပါတယ်။ ကျန်းမာရေးကို အထောက်အကူပြုစေမယ့် သစ်သီးတွေနဲ့ အစေ့အဆန် ၊ ပဲအမျိုးမျိုး စတာတွေကို စားသုံးတဲ့ အကျင့်ကို ပြုလုပ်ရမှာပါ။ သကြားပါဝင်မှုများတဲ့ အစားအစာတွေနဲ့ သားရေစာတွေ ၊ အသင့်စားမုန့်တွေ၊ ဆီကြော်မုန့်တွေကို စားတာတွေ ရှောင်ကြဉ်သင့်ပါတယ်။ ပရိုတင်း နဲ့ omega-3 fatty acids ပါဝင်တဲ့ ငါးကို တပတ်မှာ နှစ်ကြိမ်လောက် စားသုံးပေးသင့်ပါတယ်။ မဆာဘဲ တဇွတ်ဇွတ် စားနေတာမျိုးကိုလည်း ရှောင်ကြဉ်ပါ။ ကိုယ့်ရဲ့ ပါးစပ်ကို အလိုလိုက်ပြီး အရမ်းကာရောမစားပါနဲ့။ ထမင်းစားတဲ့အခါမှာလည်း ကြေညက်အောင် ဝါးပါ။ ဆေးပညာလေ့လာတွေ့ရှိချက်အရ အစာအိမ်က တကယ်ဝလင်နေရင်တောင် ဦးနှောက်ကို မိနစ် ၂၀ကြာမှ ဝသွားပြီဆိုတဲ့အကြောင်း သတင်းပို့တာပါ။ ဒါ့ကြောင့် မဝသေးဘူးအထင်နဲ့ စားကောင်းကောင်း စွတ်စားပြီး ပြည့်အင်နေတဲ့ ခံစားချက်ကို ရရှိကြတာပါ။


-ပြည့်ဝမျှတစွာ စားပါ

-သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို သတိတရစားပေးပါ

-ဆာချိန် နဲ့ ဝလင်ချိန်ကို ဂရုထားစားပေးပါ

-မနက်စာကို အာဟာရပြည့်ဝစွာစားပါ။ နေ့လယ်စာကို ပုံမှန်စားပါ။ ညစာကို အနည်းငယ်သာစားပါ။

-ဆား နဲ့ သကြား အလွန်အကျူးစားသုံးခြင်းရှောင်ပါ

ရေဓာတ်ဖြည့်ပါ

အခုဆိုရင် ရေဓာတ်ဖြည့်ခရင်မ်တွေကို ဈေးကြီးကြီးနဲ့ ဈေးကွက်ထဲမှာ ဝယ်ယူနေကြရတာ ပျိုမေတို့ လက်တွေ့ပါပဲ။ တကယ်တမ်း ရေဓာတ်ဖြည့်ဖို့ဆိုရင် ဈေးကြီးအလှကုန်တွေမှ မဟုတ်ပါဘူး။ မနက် နိုးချိန်မှာ ရေသောက်ဖို့ ၊ အစားမစားခင် ရေသောက်ဖို့ နဲ့ သတိရချိန်တိုင်း ရေထသောက်ပေးဖို့ပဲ လိုပါတယ်။ ရေသောက်ပေးခြင်းက ကျန်းမာရေးကို ညီညွတ်ကောင်းမွန်စေရုံသာမက အသားအရေကိုလည်း ကြည်လင်စေတဲ့အတွက် အဖိုးအခနည်းပြီး ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။

ကောင်းစွာအိပ်စက်ပါ

အိပ်စက်ခြင်းက အကောင်းဆုံး အနားယူခြင်းပါပဲ။ အိပ်စက်ခြင်းဟာ ကျန်းမာခြင်း နဲ့ အသက်ရှည်ခြင်းတို့ကိုလည်း တိုက်ရိုက် အချိုးကျပါတယ်။ လှပနုပျိုခြင်းကလည်း အိပ်စက်ခြင်းနဲ့ ဆက်စပ်နေတာပါ။ ဒါ့ကြောင့် နုပျိုလှပကျန်းမာလိုတယ်ဆိုရင်တော့ အချိန်မှန်အိပ်ဖို့ လိုအပ်ပါတယ်။

ဘာမှခက်ခဲတဲ့ အရာတွေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအကျင့်ကောင်းလေးတွေကို မွေးမြူပြီး တသက်လုံး ကျင့်သုံးသွားမယ်ဆိုရင်တော့ ကျန်းမာနုပျိုလှပတဲ့ ဘဝကို ရရှိနိုင်မှာပါ။ ကိုယ့်မှာ အကျင့်ဆိုးတွေအများကြီး ရှိနေရင်လည်း ကိုယ့်ကိုယ်ကိုယ် အချိန်တစ်ခု သတ်မှတ်ပြီး တစ်ခုချင်းစီ ဖြည်းဖြည်းချင်းဖြတ်ရင်း အကျင့်ကောင်းလေးတွေကိုလည်း ဖြည်းဖြည်းချင်းစီ မွေးမြူရင်း ဘယ်အရွယ်ရောက်ရောက် နုပျိုခြင်းတရားကို လက်ကိုင်ထားလို့ရသွားမှာပါ။ ဒီနေ့ကစပြီး အကျင့်ကောင်းလေးတွေ မွေးမြူရင်း နုပျိုလှပတဲ့ ပျိုမေအဖြစ် နေထိုင်ကြည့်ကြရအောင်ပါ။

 

 

 

 

 

Share

Loading Next Article...
က္က