မနေ့ညက ကစားခဲ့တဲ့ ပေါ်တူဂီနဲ့ချက်တို့ရဲ့ ယူရိုနေးရှင်းလိဂ်ပွဲစဥ်မှာ ပေါ်တူဂီက ကန်ဆယ်လို၊ ဂွီဒက်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ (၂) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲရလဒ်ကြောင့် ပေါ်တူဂီတို့ အုပ်စုဒုတိယနေရာက စပိန်ကို (၂) မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ပရိသတ်တွေအတွက် ထူးထူးခြားခြား ပြောစရာဖြစ်ခဲ့တာကတော့ ပေါ်တူဂီနောက်ခံလူကြီး ပီပီရဲ့ ပြေးအားပါပဲ။ အသက် (၃၉) နှစ်အရွယ် အဆိုပါနောက်ခံလူကြီးဟာ အရွယ်အားဖြင့် ပုံမှန်ကစားသမားတယောက်ရဲ့ အနားယူချိန်ကိုတောင် ကျော်လွန်နေပြီလို့ဆိုရမှာပါ။ ဒါပေမယ့် ပီပီကတော့ အခုချိန်ထိ ပေါ်တူဂီလက်ရွေးစင်ရဲ့ အဓိကနောက်ခံလူအဖြစ် သတ်မှတ်ခံထားရဆဲပါ။
ဒါ့အပြင် (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ပေါ်တူဂီလူစာရင်းအတွက်လည်း ပီပီက ပွဲထွက်ခွင့်တနေရာကို သေချာပေါက် ရယူနိုင်မယ့်ကစားသမားအဖြစ် ထင်ကြေးပေးထားကြပါတယ်။ အခု ချက်နဲ့ပွဲ ဒုတိယပိုင်းမှာလည်း ပီပီအနေနဲ့ တိုက်စစ်အထိ လိုက်ပါတိုက်စစ်ဆင်ရင်း ဘောလုံးပျက်သွားတာကြောင့် နောက်ကို အလျင်အမြန်ပြေးဆင်းခဲ့ရပါတယ်။
ဒီလိုမျိုးပြန်ဆင်းတဲ့နေရာမှာလည်း ပီပီအနေနဲ့ ပြိုင်ဘက်ဂိုးဧရိယာထဲကနေ ကိုယ့်အသင်းဂိုးဧရိယာထဲအထိ ရောက်ဖို့ (၁၀) စက္ကန့်အတွင်း အံ့အားသင့်ဖွယ် အလျင်အမြန်ပြေးဆင်းခဲ့တာဖြစ်ပါတယ်။ ပီပီတယောက် ဒီလိုမျိုး ပြေးလာတဲ့လမ်းတလျှောက်မှာ အသင်းဖော် ဂွါရဲရိုး၊ ဝီလီယံကာဗယ်လ်ဟိုတို့ကိုလည်း ကျော်တက်လာခဲ့ပါသေးတယ်။
ဂွါရဲရိုးဟာ ပီပီထက် (၁၁) နှစ်၊ ဝီလီယံကာဗယ်လ်ဟိုက ပီပီထက် (၉) နှစ် ဂျူနီယာကျပြီး ပီပီကတော့ ဝါရင့်စီနီယာကြီးပီပီ တကွက်ပြသွားတယ်လို့ ပရိသတ်တွေက ချီးကျူးနေကြပါတယ်။ ပီပီဟာ ရီးရဲလ်မက်ဒရစ်မှာတုန်းက ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေထဲက တယောက်ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ဖလား (၃) ကြိမ် ဆွတ်ခူးခဲ့ဖူးတဲ့ ကစားသမားလည်းဖြစ်ပါတယ်။