ကျောင်းသားဟောင်းတွေအမှတ်တရဖြစ်စေမယ့် အစားအစာဖြစ်ပါတယ်။

ဒဂုံ (၁) ကျောင်းရဲ့  ကျောင်းမုန့်ဈေးတန်းမှာရောင်းတဲ့ နာမည်ကျော် ဆာတေးထမင်းကြော်ကိုစားဖူးကြပါသလား။ ဒဂုံ (၁) ကျောင်းသားဟောင်းတွေရဲ့ ငယ်ဘဝမှာ နေရာယူစိုးမိုးထားတဲ့ ဆာတေးထမင်းကြော်က ဘာကြောင့် နာမည်ကြီးရတာလဲ။ ဒီဆာတေးထမင်းကြော်နဲ့ ကျောင်းသားတွေရဲ့ အမှတ်တရ ဆက်နွယ်မှုတွေက ဘာတွေများရှိမလဲ။



ဒဂုံ (၁) ဆာတေးထမင်းကြော်အစပြုရာ

ဆာတေးထမင်းကြော်လေးက ဒဂုံ (၁) ကျောင်းရဲ့ ကျောင်းမုန့်ဈေးတန်းမှာ အရင်က ရောင်းချခဲ့တာဖြစ်ပါတယ်။ ကျောင်းမုန့်ဈေးတန်းမှာ နှစ်ပေါင်း (၇၀) ကျော် မုန့်ရောင်းလာခဲ့တဲ့ မအက်စတာရုတို့ မိသားစုရဲ့ လက်ရာလေးတစ်ခုဖြစ်ပါတယ်။

“ အဘွားတို့ခေတ်ကတည်းက မုန့်ဈေးတန်းမှာ ဈေးရောင်းလာတာ၊ ပေါင်မုန့်၊ ကြာဇံချက်၊ ထမင်းပေါင်းတို့ရောင်းတယ်။ နောက်တော့ ဆာတေးတို့၊ အသားလုံးတို့က ဘာနဲ့ပဲတွဲစားစားရတာလေ။ အဲဒါနဲ့ ကျောင်းမုန့်ဈေးတန်းမှာ ဆာတေးလေးနဲ့ ထမင်းကြော်တွဲရောင်းတာပေါ့။ ကျောင်းမှာရောင်းတုန်းကဆို ကလေးတွေက တော်တော်ကြိုက်ကြတယ်” လို့ ကျောင်းမုန့်ဈေးတန်းမှာ ရောင်းခဲ့တဲ့ အမှတ်တရတွေကို ဆာတေးထမင်းကြော်ရောင်းချသူ မအက်စတာရုက ပြောပြပါတယ်။

ကိုဗစ်ကာလမှာ ဆာတေးထမင်းကြော်ကိုလွမ်းနေသူတွေအတွက် ရောင်းချနည်းပုံစံပြောင်းခဲ့ရ

ကျောင်းမုန့်ဈေးတန်းမှာ ရောင်းချရာကနေ ကိုဗစ်ကာလကြောင့် ကျောင်းတွေပိတ်လိုက်ရချိန်မှာ ကျောင်းသားဟောင်းတွေရဲ့ တောင်းဆိုမှုကြောင့် အွန်လိုင်းကတစ်ဆင့် ရောင်းချဖို့ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

“ ကိုဗစ်ဖြစ်နေတော့ ကျောင်းတွေပိတ်နေတော့ ကလေးတွေက လိုင်းပေါ်ရောင်းပေးဆိုပြီး တိုက်တွန်းကျတာနဲ့ ရောင်းပေးဖြစ်တာ ကျောင်းသားဟောင်းတွေရော၊ လက်ရှိကျောင်းသားတွေရော ဝယ်စားကြတယ်။ တစ်ချို့အပြင်လူတွေကျတော့လည်း ကျောင်းထဲကို ဝင်မရတော့ လိုင်းပေါ်ကနေ ရတာဆိုတော့ မှာစားကြတာပေါ့။  အဲဒီမှာ အရမ်းပေါက်ပြီး တော်တော်ကိုရောင်းကောင်းခဲ့တယ်” လို့ဆိုပါတယ်။

ဒဂုံ (၁) ကျောင်းသားတွေအမြဲတမ်းအမှတ်ရနေစေမယ့် ဆာတေးထမင်းကြော်

ဆာတေးထမင်းကြော်ဆိုတာ ဒဂုံ (၁) ကျောင်းသားဟောင်းတွေအတွက် ဘယ်တော့မှ မမေ့နိုင်မယ့်အရာတစ်ခုပါ။ ကျောင်းမုန့်စားဆင်းချိန်တိုင်း မုန့်ဈေးတန်းမှာ အပြေးအလွှားစားကြတာကတော့ ဆာတေးထမင်းကြော်ပါပဲ။

“ ကလေးတွေက မီးခိုးငွေ့လေးနဲ့ကင်တဲ့ ဆာတေးကို အရမ်းကိုကြိုက်ကြတာ၊ ကလေးတွေက ကွင်းထဲမှာ ဘောလုံးကန်ပြီးပြန်လာကြရင် အစ်မတို့ ဆာတေးကို ဝယ်ဝယ်စားကြတာ၊ဒီအရသာကို ကောင်းကောင်းကြိုက်တယ်။ အစ်မတို့ကလည်း ကလေးတွေအကြိုက်လုပ်ပေးတယ်။ အဲ့တုန်းက တစ်ပွဲ (၅၀၀) လောက်သတ်မှတ်လည်း ကလေးတွေက ဘယ်လောက်ဖိုးပဲ ပေးပါဆိုပြီး ပြောရင် အဆင်ပြေသလို ထည့်ပေးတယ်” လို့ ဆိုပါတယ်။

နာမည်ကျော် ဒဂုံ (၁) ဆာတေးရဲ့ ထူးခြားတဲ့ အားသာချက်

ဆာတေးမှာ ကြက်ဆာတေးကို အဓိကထားရော်းချပြီး  အသားလုံးဆိုလည်း ကိုယ်တိုင်အရသာစပ်ထားတာကြောင့်  လူကြိုက်များကြပါတယ်။ ဆာတေးရဲ့ အရသာက ချိုချိုလေးနဲ့ မီးသွေးနံသင်းသင်းလေးနဲ့ ထမင်းကြော်လေးနဲ့ တွဲဖက်စားရတာကိုက ကလေးတွေ အကြိုက်တွေ့စရာဖြစ်နေပါပြီ။

“ အသားလုံးဆိုလည်း အချိုမှုန့်လုံးဝမသုံးဘူး။ ဈေးကြီးပေးရတဲ့ အရသာမှုန့်ကိုသုံးတယ်။ မဆလာတို့ဘာတို့က အစ ပစ္စည်းကောင်းပဲသုံးတာ၊ ကလေးတွေက ပါးစပ်မှာ စွဲနေတာ၊ ငယ်ငယ်တည်းက စားခဲ့တဲ့ကလေးတွေဆိုရင် စားလိုက်တာနဲ့ ဒဂုံ (၁) ဆာတေးထမင်းကြော်ဆိုတာ တန်းသိတယ်” လို့ ဆိုပါတယ်။

ဒဂုံ (၁) ဆာတေးထမင်းကြော်မြည်းစမ်းချင်သူတွေအတွက်

အရင်က အွန်လိုင်းမှာ ရောင်းဖြစ်တာကနေ အခုတော့ နဝဒေးလမ်းမပေါ်မှာ ဒဂုံ (၁) ကျောင်းရှေ့ မှာ ကားလေးနဲ့ ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ အွန်လိုင်းက မှာရတာ အားမရဘဲ အပြင်မှာ ကိုယ်တိုင်ကိုယ်ကျ လာဝယ်ချင်သူတွေအတွက် နဝဒေးလမ်းမပေါ် Cheese O’ Tea ဆိုင်ရှေ့မှာ ဖြစ်ပြီး မနက်ကနေ ညနေပိုင်းအထိ ရောင်းချပေးနေတာဖြစ်လို့ အပြင်မှာကိုယ်တိုင်လာဝယ်စားချင်သူတွေအတွက် ညွှန်းပေးလိုက်တာဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က