အီလန်ဂါရဲ့ အစွမ်းပြမှုက တော်တော်လေးကို ကောင်းမွန်ခဲ့တာပါ။

ယူနိုက်တက်ရဲ့ လူငယ်တိုက်စစ်ကစားသမားလေး အီလန်ဂါဟာ လက်ရှိနွေရာသီ အားလပ်ရက်မှာ သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေကို မပျက်မကွက် ပြုလုပ်နေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့နည်းပြဟောင်း ရန်းနစ်ဂ်လက်ထက်မှာ အီလန်ဂါက ယူနိုက်တက်အသင်းကြီးမှာ နေရာရရှိလာခဲ့တာပါ။



အဆိုပါ ဆွီဒင်လူငယ်တိုက်စစ်ကစားသမားလေးဟာ အခု နည်းပြသစ် တန်ဟက်ခ်လက်ထက်မှာလည်း အသင်းကြီးပွဲထွက်ခွင့်တနေရာအတွက် တိုက်ပွဲဝင်နိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။ အသက် (၂၀) အရွယ် ဒီကစားသမားလေးဟာ သီးသန့်လေ့ကျင့်ခန်း အစီအစဥ်ပေါင်းများစွာကို တယောက်တည်း ပြုလုပ်နေပြီး ကြံ့ခိုင်မှုနည်းပြ တွမ်ဂျွိုက်စ်က အီလန်ဂါကို ကွပ်ကဲပေးနေပါတယ်။

ဒီလိုမျိုး လေ့ကျင့်နေရင်းနဲ့ အီလန်ဂါတယောက် ကမ္ဘာ့စံချိန်တင်လုနီးပါးအထိ ဖြစ်ခဲ့တယ်လို့ သိရှိရပါတယ်။ အားကစားခန်းမထဲမှာ အီလန်ဂါက (၆၃) လက်မ အမြင့်အထိ အလွတ်ခုန်တက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီအမြင့်ဟာ ဂင်းနစ်စံချိန်တင်ထားတဲ့ အမြင့်ထက် (၄) လက်မခန့်သာ လျော့နည်းထားတာပါ။ အမေရိကန်နိုင်ငံက လေ့ကျင့်ရေးမှူးတယောက်ပဲဖြစ်တဲ့ ခရစ္စစပဲလ်က (၆၇) လက်မနဲ့ ဒီအမြင့်ခုန်တဲ့နေရာမှာ ကမ္ဘာ့စံချိန်တင်ထားတာဖြစ်ပါတယ်။

ယူနိုက်တက်ကစားသမားတွေဖြစ်တဲ့ ရပ်ရှ်ဖို့ဒ်၊ ဘရူနိုဖာနန်ဒက်စ်၊ ရော်နယ်ဒို၊ တွမ်မီနေးနဲ့ အီလန်ဂါတို့ဟာ နွေရာသီအားလပ်ရက်အဖြစ် အနားယူနေချိန်မှာတောင် ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေကို မှန်မှန်ပြုလုပ်နေကြပါတယ်။ ဒါတွေကိုလည်း သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ တင်ထားကြပြီး ရာသီသစ်အတွက် အကောင်းဆုံး ကြိုတင်ပြင်ဆင်လျက်ရှိပါတယ်။

ယူနိုက်တက်ရဲ့ ရာသီကြိုလေ့ကျင့်ခန်း အစီအစဥ်တွေကတော့ ပြီးခဲ့တဲ့ဇွန် (၂၇) မှာ ကစားသမား (၁၅) ယောက်နဲ့ အစပြုခဲ့ပါတယ်။ လိဂ်ပြိုင်ပွဲတွေအပြီး နိုင်ငံလက်ရွေးစင်အသင်းတွေမှာ ရွေးချယ်ခံခဲ့ရတဲ့ ကစားသမားအချို့ကတော့ လက်ရှိအချိန်အထိ နွေရာသီအားလပ်ရက်ရရှိနေဆဲဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က