မတ်လမှာ သိပ်ပူလွန်းလို့ မြန်မာနိုင်ငံရဲ့ အပူဒဏ်ကို ရှောင်ပြီး ခရီးထွက်ချင်စိတ်တွေ တဖွားဖွား ပေါ်လာတတ်ကြပါတယ်။ ဒီနှစ်နွေရာသီမှာတော့ အိမ်ထဲမှာတင် အောင်းမနေဘဲ အနီးအနားက အာဆီယံနိုင်ငံတွေဆီ ခရီးထွက်ပြီး စိတ်သစ်၊ လူသစ် ဖြစ်အောင် အားဖြည့်လိုက်ရအောင်။ဗီဇာကိစ္စအတွက်လည်း ပူစရာမလိုသလို မြန်မာနိုင်ငံနဲ့လည်း သွားလာရ နီးတာကြောင့် အကောင်းဆုံး နွေဦးခရီးပဲ ဖြစ်မှာပါ။
နွေပိတ်ရက်မှာ ဘယ်နိုင်ငံတွေကို သွားလည်သင့်လဲဆိုတာ ကြည့်လိုက်ရအောင်
၁။ ထိုင်းနိုင်ငံ - ပျော်စရာအပြည့်နဲ့ နွေဦးခရီးစဉ်
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံသားတွေအတွက် အိမ်နီးချင်းလည်းဖြစ်၊ စရိတ်စကလည်း မျှတတာကြောင့် အမြဲတမ်း နံပါတ် (၁) ဖြစ်နေတာပါ။
ဘန်ကောက် - ဈေးဝယ်ထွက်ချင်သူတွေအတွက် Siam Paragon, Central World နဲ့ Chatuchak Weekend Market တို့က ပစ္စည်းစုံစုံလင်လင်နဲ့ စိတ်ကြိုက်ရွေးချယ်နိုင်လို့ မဖြစ်မနေ သွားလည်သင့်တဲ့ နေရာတွေပါ။ ညဘက်ဆိုရင်တော့ ကျောက်ဖရားမြစ်ပေါ်မှာ ညစာစားရင်း မြို့ပြညအလှကို ခံစားပြီး ဇိမ်ရှိရှိ အနားယူနိုင်ပါတယ်။
ဖူးခက်/ခရာဘီ - ပင်လယ်ကြိုက်သူတွေအတွက်တော့ ဒီနေရာတွေက သုခဘုံပါပဲ။ ကမ္ဘာကျော် ဖီဖီကျွန်းကို သင်္ဘောစီးပြီးသွားမယ်၊ ကြည်လင်တဲ့ ရေအောက်က သန္တာကျောက်တန်းတွေကြား ရေငုပ်မယ်၊ ညနေစောင်းရင်တော့ ကမ်းခြေမှာ နေဝင်ချိန်ကို ငေးကြည့်ရင်း လတ်ဆတ်တဲ့ ပင်လယ်စာတွေကို အဝစားသုံးနိုင်ပါတယ်။
ချင်းမိုင် - နွေအပူကို ရှောင်ပြီး အေးမြတဲ့ တောင်ပေါ်လေကို ရှုရှိုက်ချင်ရင်တော့ ချင်းမိုင်က အကောင်းဆုံးပါ။ ရှေးဟောင်းဘုရားကျောင်းတွေရဲ့ ဗိသုကာအလှနဲ့ တောင်ပေါ်ဒေသရဲ့ သဘာဝအလှတရားတွေက စိတ်ကို ငြိမ်းချမ်းစေမှာပါ။
၂။ ဗီယက်နမ်နိုင်ငံ - ခေတ်မီမှုနဲ့ ရှေးဟောင်းအလှ ပေါင်းစပ်ရာ
ဗီယက်နမ်ဟာ အခုနောက်ပိုင်း အစားအသောက်ရော၊ ရှုခင်းပါ အရမ်းကောင်းလို့ လူကြိုက်များလာတာပါ။
ဒါနန်းနဲ့ ဘာနာတောင်ကုန်း - ဒါနန်းမြို့ဟာ ဗီယက်နမ်အလယ်ပိုင်းရဲ့ အလှဆုံးကမ်းခြေမြို့ဖြစ်ပြီး ဘာနာတောင်ကုန်းကတော့ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁,၄၀၀ ကျော်မှာရှိတဲ့ "တိမ်ပေါ်က မြို့တော်" လို့ တင်စားရတဲ့ နေရာပါ။
Golden Bridge (လက်ဝါးတံတား) - ဧရာမ ကျောက်လက်ဝါးကြီးနှစ်ခုက ပင့်မထားတဲ့ ရွှေရောင်တံတားကြီးဟာ ကမ္ဘာကျော်တဲ့ အမှတ်အသားတစ်ခုပါ။ တိမ်တွေကြားထဲ လမ်းလျှောက်နေရသလို ခံစားချက်မျိုးပေးစွမ်းနိုင်ပြီး ဓာတ်ပုံရိုက်ဖို့ အလှဆုံးနေရာ ဖြစ်ပါတယ်။
French Village (ပြင်သစ်ရွာလေး) - တောင်ပေါ်ကို ကမ္ဘာ့အရှည်ဆုံး ကေဘယ်ကား (Cable Car) စီးပြီး တက်သွားတဲ့အခါ ဥရောပစတိုင် ရဲတိုက်တွေ၊ ဘုရားကျောင်းတွေနဲ့ လမ်းမလေးတွေကို တွေ့ရမှာပါ။ ရာသီဥတုက တစ်နှစ်ပတ်လုံး အေးမြနေတာကြောင့် ဥရောပရောက်သွားသလို ခံစားရစေမှာပါ။
Fantasy Park - အပန်းဖြေကစားကွင်းတွေ၊ အိမ်မက်ကမ္ဘာလို ပြင်ဆင်ထားတဲ့ ကစားနည်းတွေပါဝင်တာကြောင့် မိသားစုတွေနဲ့ ကလေးတွေအတွက် အပျော်ဆုံးနေရာတစ်ခုလည်း ဖြစ်ပါတယ်။
ဟွိုင်အန်း - ယူနက်စကို အမွေအနှစ်စာရင်းဝင် ဒီမြို့ဟောင်းလေးမှာတော့ ညဘက်မှာ ကားတွေဝင်ခွင့်မပြုဘဲ ဆီမီးအိမ်ရောင်စုံတွေအောက်မှာ လမ်းလျှောက်ရတာ စိတ်ကူးယဉ်ဆန်ဆန် လှပပါတယ်။ မြို့လယ်က ဖြတ်စီးဆင်းနေတဲ့ Thu Bon မြစ်ထဲမှာ ရိုးရာလှေလေးတွေစီးပြီး ဆုတောင်းဆီမီးခွက်လေးတွေ မျှောလို့ရတဲ့ အတွေ့အကြုံက တစ်မျိုးဆန်းသစ်မှာပါ။
ဟာလောင်ဘေး - ရေပေါ်မှာ အိပ်စက်အနားယူနိုင်တဲ့ သင်္ဘောခရီးစဉ်တွေကလည်း ဗီယက်နမ်ရဲ့ အမှတ်အသားတစ်ခုပါ။ ကျောက်ဆောင်တွေကြားထဲမှာ ကယက်လှေ (Kayaking) စီးမလား၊ သဘာဝလိုဏ်ဂူကြီးတွေထဲ လမ်းလျှောက်မလား၊ ဒါမှမဟုတ် သင်္ဘောကုန်းပတ်ပေါ်မှာ လေကောင်းလေသန့်ရှုရင်း အပန်းဖြေမလား.. စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။
၃။ စင်ကာပူနိုင်ငံ - အဆင့်မြင့် ခေတ်မီမြို့ပြအတွေ့အကြုံ
စင်ကာပူကတော့ "တစ်မြို့လုံး ပန်းခြံထဲရောက်နေသလို" ခံစားရအောင် စနစ်တကျ တည်ဆောက်ထားတာပါ။
ဆန်တိုဆာကျွန်း - ဒီကျွန်းပေါ်မှာတင် လူကြီးတွေရော ကလေးတွေပါ အပျော်ဆုံးလို့ ဆိုရမှာပါ။ Universal Studios Singapore (USS) မှာ ရုပ်ရှင်ကားကြီးတွေထဲကအတိုင်း စိတ်လှုပ်ရှားဖွယ် ကစားနည်းတွေကို တစ်နေကုန် ဆော့ကစားနိုင်သလို၊ ကမ္ဘာ့အကြီးဆုံး ငါးပြတိုက်တစ်ခုဖြစ်တဲ့ S.E.A. Aquarium ထဲမှာလည်း ရေအောက်ကမ္ဘာရဲ့ အံ့ဖွယ်သတ္တဝါတွေကို အနီးကပ် တွေ့မြင်နိုင်တာကြောင့် မိသားစုလိုက် သွားရောက်ဖို့ အကောင်းဆုံးနေရာ ဖြစ်ပါတယ်။
Gardens by the Bay: နာမည်ကျော် ဧရာမသစ်ပင်ကြီးတွေ (Supertrees) အောက်မှာ လမ်းလျှောက်ရင်း ညဘက်ဆိုရင်တော့ မီးအလှထွန်းညှိထားတဲ့ ပုံရိပ်တွေကို ကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင် တစ်နှစ်ပတ်လုံး အေးစိမ့်နေတဲ့ မိုးသစ်တောပြတိုက် (Cloud Forest) ထဲက ရေတံခွန်ကြီးနဲ့ ထူးဆန်းတဲ့ အပင်တွေက သဘာဝတရားနဲ့ နည်းပညာကို ဘယ်လိုပေါင်းစပ်ထားသလဲဆိုတာ အံ့ဩစရာ တွေ့မြင်ရမှာပါ။
Marina Bay Sands: စင်ကာပူရဲ့ အမှတ်အသားဖြစ်တဲ့ သင်္ဘောပုံစံ အဆောက်အအုံကြီးရှေ့မှာ ညဘက်ကျင်းပတဲ့ Spectra Light & Water Show ကို အခမဲ့ကြည့်ရှုနိုင်ပါတယ်။ ရောင်စုံမီးအလင်းတန်းတွေ၊ ရေပန်းတွေနဲ့အတူ ခေတ်မီမြို့ပြရဲ့ ညအလှကို ခံစားရတာဟာ တကယ့်ကို တန်ဖိုးရှိတဲ့ အတွေ့အကြုံတစ်ခုပါပဲ။
၄။ အင်ဒိုနီးရှားနိုင်ငံ - သဘာဝတရားရဲ့ ဆုံမှတ်
ဘာလီဟာ ကမ္ဘာလှည့်ခရီးသည်တွေ အမြဲတမ်း တမ်းတရတဲ့ "ကျွန်းတွေရဲ့ ဘုရင်" လို့ တင်စားခံရတဲ့ ကျွန်းပါ။
အူဘတ် (Ubud) - ဘာလီရဲ့ ယဉ်ကျေးမှုဗဟိုချက်ဖြစ်တဲ့ ဒီနေရာမှာတော့ စိမ်းလန်းလှပတဲ့ လှေကားထစ်လယ်ကွင်းတွေ (Tegalalang Rice Terrace) ကို ကြည့်ရင်း နာမည်ကျော် ပုခက်ကြီး (Bali Swing) စီးပြီး အမှတ်တရ ဓာတ်ပုံလှလှလေးတွေ ရိုက်နိုင်ပါတယ်။ သစ်ပင်တောအုပ်တွေကြားထဲမှာ စိတ်ကို လွှတ်ချပြီး အနားယူဖို့ အကောင်းဆုံးနေရာတစ်ခု ဖြစ်ပါတယ်။
Nusa Penida - ရင်သပ်ရှုမောဖွယ် ကျောက်ဆောင်ကြီးတွေနဲ့ စိမ်းပြာရောင် ပင်လယ်ပြင်ကို မြင်ချင်ရင်တော့ ဒီကျွန်းကို ကူးသွားသင့်ပါတယ်။ အထူးသဖြင့် Kelingking Beach ရဲ့ ဒိုင်နိုဆောပုံစံ ကျောက်ဆောင်ကတော့ ဘာလီရဲ့ အလှဆုံး ရှုခင်းတစ်ခုအဖြစ် နာမည်ကြီးပြီး ပင်လယ်ရေလှိုင်းတွေရဲ့ အလှကို အပေါ်ကနေ စီးမိုးကြည့်ရှုနိုင်ပါတယ်။
Tanah Lot - ပင်လယ်ထဲက ကျောက်ဆောင်ပေါ်မှာ တည်ထားတဲ့ ရှေးဟောင်းဘုရားကျောင်းကြီးနဲ့ နေဝင်ချိန်ရှုခင်းဟာ ဘာလီရဲ့ အမှတ်အသားပါပဲ။ ပင်လယ်လှိုင်းသံတွေကြားမှာ တဖြည်းဖြည်း နေဝင်သွားတဲ့ ပုံရိပ်ကို ကြည့်ရတဲ့ ခံစားချက်က နွေရာသီခရီးစဉ်ကို အဓိပ္ပာယ်အရှိဆုံး ဖြစ်စေမှာပါ။
ခရီးထွက်တယ်ဆိုတာ နေရာသစ်တွေကို ရောက်ရှိသွားတာတင်မကဘဲ စိတ်ဓာတ်တွေကို အသစ်တစ်ဖန် ပြန်လည်နိုးထစေတဲ့ အားဆေးတစ်ခွက်လည်း ဖြစ်ပါတယ်။ ဒီနှစ်နွေရာသီမှာတော့ အလုပ်ခွင်နဲ့ အိမ်ထဲမှာတင် အချိန်ကုန်မဆုံးစေဘဲ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ အမှတ်တရသစ်တွေ ဖန်တီးဖို့ အဆင်သင့်ပဲလား။
ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။