လက်ရှိနွေရာသီအားလပ်ရက်မှာ တယောက်တမျိုး မရိုးရအောင် ကိစ္စတွေ ဖန်တီးနေတဲ့ ကစားသမားအများစုကတော့ မန်စီးတီးကဖြစ်တယ်လို့ ပရိသတ်တွေကဆိုနေကြပါတယ်။ ကွင်းလယ်တိုက်စစ်ကစားသမား ဂရီလစ်ရှ် လတ်စ်ဗီးဂတ်စ်မှာ မရိုးရအောင် မူးရူးသောင်းကျန်းခဲ့ပြီး အခုချိန်မှာတော့ ဂရိမှာ ရာသီကြိုလေ့ကျင့်ခန်း အစီအစဥ်တွေကို တယောက်တည်း ပြုလုပ်နေပါတယ်။
ဖိုဒန်ကလည်း စပိန်ကကမ်းခြေတခုမှာ ချစ်သူနဲ့ အကြီးအကျယ် စကားများပြီး လုံခြုံရေးတွေပါ ဝင်ဆွဲယူရတဲ့အထိဖြစ်ခဲ့ပါတယ်။ လက်ရှိနွေရာသီစျေးကွက်မှာ မန်စီးတီးတို့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဟာလန်းကလည်း ပရိသတ်တွေကို ရယ်မောပွဲကျအောင် အကောင်းဆုံး ဖျော်ဖြေသွားခဲ့ပြန်ပြီဖြစ်ပါတယ်။ ဟာလန်းက သူ့ရဲ့မျက်ခုံးမွှေးမပါတဲ့ပုံကို အင်စတာဂရမ်စတိုရီမှာတင်ပြီး ပရိသတ်တွေနဲ့ ပွဲကျခဲ့တာပါ။
ဟာလန်းဟာ ဆဲလ်ဖီပုံတွေကို ဆက်တိုက်ဆိုသလိုတင်ခဲ့ပြီး ဒီအထဲက တပုံမှာတော့ “နိုးပါ။ ကျနော့်ဆီမှာ မျက်ခုံးမွှေးမရှိဘူး” လို့ ရေးသားထားပါတယ်။ ဟာလန်းဟာ သူ့ရဲ့ အခြားသောဆဲလ်ဖီပုံတွေအတွက်လည်း မရိုးရတဲ့ ကပ်ရှင်တွေ ရေးသားခဲ့ပြီး ဒီမျက်ခုံးမွှေးမပါတဲ့အကြောင်းကိုတော့ ပရိသတ်တွေက အထူးသဘောကျနေတာပါ။
“ဒီလူက တော်တော်ရယ်ရတဲ့လူပဲ” “တကယ့်ကို ဥာဏ်ကောင်းတဲ့စက်ရုပ်လူသားပဲ” လို့ အမျိုးမျိုးမှတ်ချက်ပေးရင်း ဟာလန်းကိုနောက်ပြောင်နေကြပါတယ်။ ဟာလန်းဟာ ပြီးခဲ့တဲ့ဇွန်အစောပိုင်းမှာ မန်စီးတီးနဲ့ တရားဝင်စာချုပ်ချုပ်ဆိုကာ အသင်းဝန်ထမ်းတွေနဲ့ မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီနောက် ဒီကစားသမားက နွေရာသီအားလပ်ရက်အဖြစ် အနားယူနေတာပါ။
ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာလည်း ဟာလန်းတယောက် ကမ်းခြေမှာ ဘောလုံးကစားနေတဲ့ ဗီဒီယိုတခု ဆိုရှယ်မီဒီယာပေါ်မှာ ရေပန်းစားခဲ့သေးပြီး အခုတခါမှာတော့ ဟာလန်းတယောက် မတူညီတဲ့နည်းလမ်းတခုနဲ့ ပရိသတ်တွေကို ဖျော်ဖြေသွားခဲ့တာဖြစ်ပါတယ်။