ဒီကနေ့ မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ မန်စီးတီးနဲ့ကလပ်အမေရိကတို့ရဲ့ ခြေစမ်းပွဲမှာ မန်စီးတီးရဲ့ ပေါင်သန်း (၁၀၀) တန် ကစားသမားကြီး ဂရီလစ်ရှ်တယောက် ပြိုင်ဘက် မက္ကဆီကိုဂန္တဝင်ဂိုးသမားကြီးလို့ဆိုရမယ့် အိုချူအာနဲ့ ပြဿနာဖြစ်ပွားခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီးက ဒီဘရိုင်းရဲ့သွင်းဂိုးတွေကြောင့် ကလပ်အမေရိကကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ခြေစွမ်းပိုင်းနဲ့ရလဒ်ပိုင်းအရ ထွေထွေထူးထူး ပြောစရာမရှိခဲ့ပေမယ့် ဒီပွဲရဲ့ ပွဲကစားချိန် (၂၇) မိနစ်မှာ ဂရီလစ်ရှ်နဲ့အိုချူအာတို့နှစ်ယောက်အကြား ပြဿနာတက်ခဲ့ပါတယ်။ ဂရီလစ်ရှ်ဟာ ကလပ်အမေရိက ကစားသမားနဲ့ ယှဥ်ပြေးလာရင်း လဲကျသွားခဲ့ပြီး ရှေ့တက်လာတဲ့ အိုချူအာက ဂရီလစ်ရှ် ဆွဲပြေးလာတဲ့ ဘောလုံးကို ကန်ထုတ်ခဲ့ပါတယ်။
အဲ့ဒီနောက် အိုချူအာက လဲကျနေတဲ့ ဂရီလစ်ရှ်ကို ပြန်ဆွဲထူပေးဖို့ လက်ကမ်းပေးခဲ့ပေမယ့် ဂရီလစ်ရှ်က ငြင်းဆန်ခဲ့တဲ့နောက် အိုချူအာက ဂရီလစ်ရှ်ကို ဒီလိုမပြုမူဖို့ ပြောဆိုခဲ့ဟန်ရှိပါတယ်။ ဒါပေမယ့် ဂရီလစ်ရှ်က ဒါကိုလည်း လက်မခံဘဲ အိုချူအာကို ဆောင့်တွန်းလိုက်ရာမှတဆင့် ပြဿနာဖြစ်ပွားခဲ့ပြီး အိုချူအာကလည်း ဂရီလစ်ရှ်ကို ပြန်လည်ဆောင့်တွန်းခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ကလပ်အမေရိကရဲ့ အခြားသော ကစားသမားတွေပါ ပါဝင်လာခဲ့ပြီး ဂရီလစ်ရှ်နဲ့ ဆွဲလားရမ်းလားတွေဖြစ်ခဲ့ကြပါတယ်။ ဒါ့အပြင် ပွဲပြန်စပြီးတဲ့နောက် ကလပ်အမေရိက ကစားသမား ဘရူနိုဗဲလ်ဒက်ဇ်ကလည်း ဂရီလစ်ရှ်ကို ရည်ရွယ်ချက်ရှိရှိ လူချကစားပြီး အဝါကတ်ပြသခံခဲ့ရပါတယ်။
ဒါ့အပြင် ပွဲအပြီးမှာလည်း ပရိသတ်တွေက ဂရီလစ်ရှ်ရဲ့ ပရော်ဖက်ရှင်နယ်မဆန်တဲ့ လုပ်ရပ်အပေါ် ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။ “ဂရီလစ်ရှ်က ကမ္ဘာ့လူမုန်းအများဆုံး ကစားသမားဖြစ်လာတော့မယ်” “သူ့ကို မန်စီးတီးက ပေါင်သန်း (၁၀၀) ပေးခေါ်လိုက်တာ တော်တော်မှားတာပဲ” အစရှိသဖြင့် ပရိသတ်တွေက ဝေဖန်ခဲ့ကြပါတယ်။ ဂရီလစ်ရှ်ဟာ ပြီးခဲ့တဲ့နွေရာသီအားလပ်ရက်မှာလည်း အမူးလွန်တဲ့အထိ သောက်စားပျော်ပါးခဲ့သေးတာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။