နယ်သာလန်နိုင်ငံမှာ ရဲအရာရှိမိသားစုတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီ လူသုံးဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ သတင်းတွေက ပြောပါတယ်။ စက်တင်ဘာ ၉ ရက် ညပိုင်းက နယ်သာလန်တောင်ပိုင်း Dordrecht မြို့ရှိ နေအိမ်တစ်အိမ်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
(Photo: Reuters)
ပစ်ခတ်မှုကြောင့် မိသားစုဝင်သုံးဦး သေဆုံးခဲ့ကြောင်းနဲ့ စတုတ္တမြောက် မိသားစုဝင်တစ်ဦးလည်း ဒဏ်ရာပြင်းထန်စွာရခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ခဲ့ရပါတယ်။ မိသားစုတွင်း ပစ်ခတ်ခဲ့သူဟာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်တယ်လို့ယုံကြည်ရပြီး ၎င်းဟာ ကိုယ့်ကိုယ်ကိုယ် ပစ်သတ်အဆုံးစီရင်သွားခဲ့ကြောင်း De Telegraaf သတင်းစာက ဖော်ပြပါတယ်။
ဒေသခံသတင်းစာ BN DeStem ရဲ့ အဆိုအရ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူ နောက်ထပ်နှစ်ဦးဟာ အသက်ရှစ်နှစ်နဲ့ ၁၂ နှစ်အရွယ် ကလေးတွေဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကလေးနှစ်ဦးဟာ ပစ်ခတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်နဲ့ ဒဏ်ရာပြင်းထန်စွာရခဲ့တဲ့ အမျိုးသမီးတို့ရဲ့ သမီးတွေဖြစ်တယ်လို့ ဆိုပါတယ်။
(Photo: Daily Mail)
Daily Mail သတင်းမှာ ဖော်ပြမှုအရ ပစ်ခတ်ခဲ့သူဟာ အသက် ၃၄ နှစ်အရွယ် ရဲအရာရှိဖြစ်ပြီး ၎င်းရဲ့ကလေးနှစ်ဦး သေဆုံးခဲ့ကြောင်းနဲ့ အသက် ၂၈ နှစ်အရွယ် ဇနီးဖြစ်သူ ပြင်းထန်စွာ ဒဏ်ရာခဲ့ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့ကတော့ ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး လူသုံးဦးသေဆုံးကြောင်းနဲ့ နောက်ထပ်တစ်ဦး ဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး အသေးစိတ် ပြောကြားခြင်းမရှိပါဘူး။
(Infographic: Daily Mail)
"ပစ်ခတ်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန်အတွက် အခင်းဖြစ်နေရာမှာ လူအများအပြားကို မေးမြန်းနေပါတယ်" လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပြီး အသေးစိတ်ကို နောက်ပိုင်းမှာ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။ မိသားစုတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ Dordrecht မြို့ဟာ ရော့တာဒမ်မြို့ရဲ့ အနောက်တောင်ဘက် ၁၆ မိုင်ခန့်အကွာမှာရှိပြီး နယ်သာလန်နိုင်ငံ တောင်ပိုင်းဟော်လန်ပြည်နယ်ရဲ့ ရှေးအကျဆုံးမြို့များအနက် ပါဝင်ကြောင်း AFP သတင်းက ပြောပါတယ်။