ညအိပ်ချိန်ရောက်တဲ့အခါ လူတော်တော်များများက မီးတွေပိတ်ပြီးမှ အိပ်လေ့ရှိကြပေမဲ့ အမှောင်ထဲမှာ မအိပ်တတ်ဘဲ မီးဖွင့်ထားမှ၊ အလင်းရောင်ရမှ အိတ်တတ်သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ လူ့ခန္ဓာကိုယ်ရဲ့ သဘာဝအရ အမှောင်ထဲမှာ အိပ်စက်ခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။ မီးအလင်းရောင်က လူ့ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို အနှောက်အယှက် ပေးတာကြောင့် မီးဖွင့်ထားပြီး အိပ်စက်တဲ့အခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တော့ဘဲ အောက်ပါ ကျန်းမာရေးဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
Photo: Healthline
စိတ်ဖိစီးမှု
မီးအလင်းရောင်နဲ့ အိပ်စက်ခြင်းဟာ စိတ်ဖိစီးမှု ဝေဒနာခံစားရခြင်းနဲ့ ဆက်နွယ်နေပါတယ်။ လျှပ်စစ်ပစ္စည်းတွေကနေ ထွက်တဲ့ အပြာရောင်အလင်းလှိုင်းတွေဟာ ကိုယ့်ရဲ့စိတ်ခံစားချက်အပေါ် အဆိုးဆုံးသက်ရောက်မှုတွေ ဖြစ်ပေါ်စေ နိုင်ပါတယ်။ အိပ်ရေးပျက်ခြင်းဟာလည်း စိတ်အတက်၊အကျ မြန်ဆန်ခြင်းမျိုး ဖြစ်စေနိုင်ပြီး အိပ်ရေးမဝတဲ့ ကလေးတွေဆိုရင် ပုံမှန်ထက်ပိုပြီး လူရော၊စိတ်ပါ ဂဏာမငြိမ် ဖြစ်တတ်ပါတယ်။
အဝလွန်ခြင်း
အမျိုးသမီးတွေနဲ့ ပတ်သက်ပြီးပြုလုပ်တဲ့ သိပ္ပံလေ့လာစမ်းသပ်မှုတစ်ခုအရ လျှပ်စစ်မီးဖွင့်ပြီး၊ ဒါမှမဟုတ် တယ်လီဗေးရှင်း၊ ကွန်ပြူတာ တို့ကို ဖွင့်လျက်သားအိပ်တတ်တဲ့ အမျိုးသမီးတွေဟာ အဝလွန်ဖို့ ရာခိုင်နှုန်းပိုများတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ အလင်းရောင် ကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ရာကနေ အိပ်ရေးမဝသလို ခံစားရပြီး နောက်တစ်ရက်မှာ အစာစားချင်စိတ် မရှိတာ၊ အစာစားချင်စိတ်လွန်ကဲတာမျိုးတွေ ခံစားရတတ်ပါတယ်။ အဲဒီလို စားသောက်မှုပုံစံ မမှန်တာက အဝလွန်ဖို့ ရာခိုင်နှုန်း များစေတာပဲ ဖြစ်ပါတယ်။
Photo:Bridgesto Recovery
မတော်တဆမှု
အပေါ်မှာ ပြောခဲ့သလိုပဲ လျှပ်စစ်မီး အလင်းရောင်က နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်အောင် နှောင့်ယှက်တာကြောင့် နိုးထနေချိန်မှာ အသိစိတ်က လိုအပ်သလို ဖျတ်လတ်မှု မရှိတော့ရာကနေ မတော်တဆ အန္တရာယ်တွေနဲ့ ကြုံတွေ့ရနိုင်ချေ မြင့်မားမှုနဲ့လည်း ကြုံရနိုင်ပါတယ်။
နာတာရှည် ရောဂါများ
မီးဖွင့်ထားမှ အိပ်တတ်တဲ့ အကျင့်ကို မပြင်ခဲ့ရင် ရေရှည်မှာ သွေးတိုး၊ ဆီးချို တို့လိုရောဂါတွေ အပါအဝင် နာတာရှည်ရောဂါ တွေကို ခံစားရနိုင်ပါတယ်။
ဒီလို ကျန်းမာရေးဆိုးကျိုးတွေကြောင့် သင်ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ သင့်ရဲ့ကလေးတွေမှာပဲ ဖြစ်ဖြစ် မီးဖွင့်ထားမှ အိပ်တတ်တဲ့ အကျင့်ရှိနေတယ်ဆိုရင် ဒီအကျင့်ကို ပြင်ဆင်နိုင်အောင် ကြိုးစားဖို့ လိုပါတယ်။ အဲဒီလို ပြင်ဆင်နိုင်ဖို့အတွက် အထောက်အကူ ပြုမယ့် အကြံပြုချက်လေးတွေကိုလည်း ဖော်ပြချင်ပါသေးတယ်။
Photo: Jakpost
(၁) ညအိပ်မီးသီး
လုံးဝမှောင်နေတဲ့ အခန်းထဲမှာ မအိပ်တတ်ဘူးဆိုရင် ညအိပ်မီးသီးလေးတွေ ထွန်းပြီး အိပ်စက်နိုင်ဖို့ အရင်ဆုံး ကြိုးစားကြည့်သင့်ပါတယ်။ ညအိပ်မီးတွေက သာမန် မီးလုံး၊ မီးချောင်းတွေလောက် အိပ်စက်ခြင်းကို အနှောက်အယှက် မပေးပါဘူး။
(၂) မီးအလင်းရောင်လျှော့
အိပ်ရာမဝင်ခင်မှာ မီးအလင်းရောင်တွေကို လျှော့ချပြီး အလင်းမှိန်မှိန်နဲ့ပဲ နေပေးမယ်ဆိုရင် အိပ်စက်တဲ့ အချိန်မှာ မီးတွေကို ပိတ်လိုက်တဲ့အခါ အမှောင်ထဲမှာပိုပြီး ကျင့်သားရဖို့ လွယ်ကူစေမှာပါ။
(၃) အိပ်ချိန်မှန်ပါစေ
အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန် မှန်ကန်ဖို့ကိုလည်း ဂရုပြုဖို့လိုပါတယ်။ အချိန်မှာ အိပ်ရာဝင်မယ်ဆိုရင် ခန္ဓာကိုယ်က အိပ်စက်ဖို့ အကျင့်ဖြစ်နေတဲ့အတွက် မီးပိတ်ထားလည်း အလွယ်တကူ အိပ်ပျော်နိုင်မှာ ဖြစ်ပါတယ်။
Ref; Healthline