ဒေါ့မွန်ဟာ သူတို့ရဲ့ ကစားသမားဟောင်း ဆန်ချိုကို ပြန်လည်ခေါ်ယူဖို့အတွက် အခွင့်အရေးရှိနေပေမယ့် ကစားသမားရဲ့ အမူအကျင့်တွေကြောင့် အလေးအနက်ထား စဉ်းစားနေကြောင်း သိရှိရပါတယ်။ ဆန်ချိုရဲ့ ယူနိုက်တက်ကစားသမားဘဝ အနာဂတ်ကတော့ လုံးဝပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။
နည်းပြတန်ဟက်ခ်နဲ့ လူသိရှင်ကြား ပြဿနာဖြစ်ခဲ့တဲ့ ဆန်ချိုက အသင်းကြီးကနေ လုံးဝဖယ်ရှားခံလိုက်ရပြီး အသင်းကြီးကစားသမားတွေ အသုံးပြုတဲ့ Facilities တွေကိုတောင် အသုံးပြုခွင့် မရှိတော့ပါဘူး။ ဒါ့အပြင် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ယူနိုက်တက်အသင်းကြီး ကစားသမားတွေနဲ့ ဝန်ထမ်းတွေရဲ့ BBQ ပါတီကိုတောင် တက်ရောက်ခွင့်မရခဲ့ပါဘူး။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီ ဆော်ဒီအပြောင်းအရွှေ့လိဂ် မပိတ်ခင်ကတည်းက ဆန်ချိုကို ရောင်းထုတ်ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် မအောင်မြင်ခဲ့ဘဲ လာမယ့်ဆောင်းရာသီမှာတော့ ဆန်ချိုအတွက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားဖို့ ပြင်ဆင်ထားပါတယ်။
ဆန်ချိုအတွက် ယူနိုက်တက်တို့ ပြောင်းရွှေ့ကြေး ယူရို (၄၅) သန်း သတ်မှတ်ထားပြီး ဒေါ့မွန်ကလည်း ဆန်ချိုကို ပြန်ခေါ်ဖို့ သတင်းထွက်နေပါတယ်။ ဒါပေမယ့်လည်း ဒေါ့မွန်တာဝန်ရှိသူတွေဟာ ဆန်ချိုတစ်ယောက် ဂျာမနီမှာနေထိုင်ခဲ့တုန်းက ကွင်းပြင်ပ အပြုအမူတွေကြောင့် ဒီကစားသမားကို ပြန်လည်ခေါ်ယူဖို့ လက်တွန့်နေပါတယ်။
ဆန်ချိုဟာ ဗီဒီယိုဂိမ်းကစားရတာ၊ ကွန်ပျူတာ အသုံးပြုရတာကို သဘောကျပြီး ညဘက်နောက်ကျတဲ့အထိ ဒါတွေကို လုပ်ဆောင်လေ့ရှိပါတယ်။ အဲ့ဒီနောက် မနက်ပိုင်းမှာတော့ ဆန်ချိုက လေ့ကျင့်ရေးကွင်းကို နောက်ကျမှ ရောက်လာလေ့ရှိပြီး ဒီလိုမျိုး စည်းကမ်းပိုင်းဆိုင်ရာ အားနည်းချက်တွေကြောင့် ဒေါ့မွန်က ဆန်ချိုကို ပြန်ခေါ်သင့်၊ မခေါ်သင့် အလေးအနက်ထား စဉ်းစားနေတာဖြစ်ပါတယ်။