မနေ့ညက ကစားခဲ့တဲ့ အာဆင်နယ်နဲ့ဘရန့်ဖို့ဒ်တို့ရဲ့ တံခါးပိတ်ခြေစမ်းပွဲမှာ အာဆင်နယ်တို့ ၁-၂ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။ ဒါဟာ အာဆင်နယ်အတွက် ဒီနွေရာသီကြိုခြေစမ်းပွဲတွေမှာ ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။
အာဆင်နယ်ရဲ့လေ့ကျင့်ရေးကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲအတွက် နည်းပြ အာတီတာက ဂိုးသမားသစ် မတ်တာနာကို ပွဲချိန်ပြည့်အသုံးပြုခဲ့ပါတယ်။ နောက်တန်းမှာ ဆိုအာရက်စ်၊ ဟိုးလ်ဒင်း၊ တာဗာရက်စ်တို့နဲ့အတူ လူငယ်ကစားသမား ဝေါ်လ်တာစ်လည်း ပါဝင်ကစားခဲ့ပါတယ်။ ကွင်းလယ်မှာ အယ်လ်နီနီ၊ နီလန်းစ်၊ လိုကွန်ဂါတို့ ပါဝင်ခဲ့ပြီး တိုက်စစ်မှာ ကစားသမားသစ် မာကွင်ဟိုစ်၊ အန်ကီတီယာနဲ့ နယ်လ်ဆင်တို့ ပါဝင်ခဲ့ကြပါတယ်။
ဘရန့်ဖို့ဒ်က ပထမပိုင်းမှာတင် အမ်ဘူမို၊ ထရီဗစ်တို့ရဲ့ ဂိုးတွေနဲ့ အာဆင်နယ်ကို ၂-၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး အာဆင်နယ်အတွက် ချေပဂိုးတဂိုးကိုတော့ အန်ကီတီယာက သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အာဆင်နယ်တို့ ချေပဂိုးရဖို့ အန်ကီတီယာ၊ လိုကွန်ဂါ၊ တာဗာရက်စ်တို့ရဲ့ ထိုးဖောက်ခြိမ်းခြောက်မှုတွေက ဂိုးမဖြစ်ခဲ့တာကြောင့် ၂-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့ရတာပါ။
အာဆင်နယ်ဟာ ရာသီကြိုခြေစမ်းခရီးစဥ်တွေ မစခင်မှာ အစ်ဆွစ်ချ်နဲ့ အခုလိုပဲ တံခါးပိတ်ခြေစမ်းခဲ့သေးပြီး အဲ့ဒီတုန်းကတော့ အာဆင်နယ်တို့ ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အာဆင်နယ်ဟာ ရာသီကြိုခြေစမ်းပွဲတလျှောက် ရလဒ်ကောင်းခဲ့တဲ့အသင်းတသင်းဖြစ်ပါတယ်။
နုရင်ဘတ်၊ အဲဗာတန်၊ အော်လန်ဒိုစီးတီး နဲ့ အသင်းကြီး ချဲလ်ဆီးတို့ကို အာဆင်နယ်အနေနဲ့ ဂိုးပြတ်အနိုင်ရလဒ်တွေရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ လာမယ့် စနေနေ့မှာတော့ အမ်းမရိတ်စ်ဖလားပွဲအဖြစ် စပိန်လာလီဂါကလပ် ဆီဗီလာနဲ့ အိမ်ကွင်း အမ်းမရိတ်စ်မှာ ရင်ဆိုင်ကစားရဖို့ရှိနေပါတယ်။