ယူနိုက်တက် ကစားသမားတွေဟာ ချဲလ်ဆီးကို ၄-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နောက်ဆုံးမိနစ် အနိုင်ဂိုးကို မပေးရခင် ပါးလ်မားကို လူကပ်ဖို့ အသီးသီး ညွှန်ကြားနေခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဘယ်သူမှ သွားမကပ်ဘဲ နောက်ဆုံးမှာတော့ အနိုင်ဂိုး ပေးလိုက်ရတာပါ။
ပင်နယ်တီနဲ့အတူ သုံးဂိုးစီ သရေဖြစ်ပြီးတဲ့နောက် ချဲလ်ဆီး ကစားသမားတွေက ပွဲကို ချက်ချင်းပြန်စခဲ့ပါတယ်။ အဲ့ဒီနောက် ရရှိလာတဲ့ ထောင့်ကန်ဘောကိုလည်း လျင်လျင်မြန်မြန်နဲ့ပဲ ပေးပို့ပြီး အနိုင်ဂိုးရရှိဖို့ ကြိုးစားခဲ့တာပါ။
အန်ဇိုဖာနန်ဒက်ဇ် ပေးလိုက်တဲ့ ထောင့်ကန်ဘောကို ပါးလ်မားက ယူနိုက်တက် ပင်နယ်တီဧရိယာအစပ်မှာ နေရာယူပြီး လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခွင့်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒီကန်ချက်က တွမ်မီနေးနဲ့ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်သွားတာကြောင့် ယူနိုက်တက်တို့ နောက်ဆုံးမိနစ်မှာ အသည်းကွဲခဲ့ရပါတယ်။
ဒီလိုမျိုး ထောင့်ကန်ဘော မကန်ခင်မှာ ပါးလ်မားကို လူကပ်ကစားဖို့ ယူနိုက်တက် ကစားသမားတွေ အချင်းချင်းညွှန်ကြားနေခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဗီဒီယိုမှတ်တမ်းတွေအရ ဘရူနိုဖာနန်ဒက်စ်၊ တွမ်မီနေး၊ မေဆင်မောင့်တို့က ပါးလ်မားကို လက်ညှိုးညွှန်ပြကာ လူကပ်ကစားဖို့ အချင်းချင်း သတိပေးနေကြတာပါ။
ဒါပေမယ့် တကယ်တမ်း ပါးလ်မားဆီ ဘောလုံးရောက်သွားတဲ့အချိန်အထိ ဒီကစားသမားကို ဘယ်သူမှ လူကပ်မကစားနိုင်ဘဲ နောက်ဆုံးမှာတော့ ဂိုးပေးလိုက်ရတာလည်း ဖြစ်ပါတယ်။ နှစ်သင်းစလုံးဟာ ဒီပွဲမှာ သွင်းဂိုးတွေကို လွယ်လွယ်ကူကူ ခွင့်ပြုခဲ့ရတာကြောင်လည်း အခုလိုမျိုးပဲ နှစ်သင်းပေါင်းသွင်းဂိုးက (၇) ဂိုးအထိရှိခဲ့တာဖြစ်ပါတယ်။