ငါးခြစ်ကြော် တစ်ဆယ်သားကို (၁,၀၀၀) ကျပ်နဲ့ ရောင်းချတာဖြစ်တဲ့အတွက် လူတန်းစားအလွှာစုံ ဝယ်စားကြပါတယ်။

မြောက်ဥက္ကလာပမြို့နယ် ၊ သုဓမ္မာလမ်းမကြီးနဲ့ အာသာဝတီလမ်းထောင့် ( ဘုန်းကြီးလမ်းမီးပွိုင့်)ကို ဖြတ်သန်းသွားလာဖူးသူတွေဆိုရင် ဒီငါးခြစ်ကြော်ဆိုင်လေးမှာ ဝယ်မစားဖူးရင်တောင် လမ်းသွားလမ်းလာတွေနဲ့ ကားတွေပေါ်ကနေ လှမ်းဝယ်ကြတဲ့ မြင်ကွင်းကို တွေ့ဖူးနိုင်ပါတယ်။



ဓာတ်ပုံ : ထားထားဝေ

(၁,၀၀၀) ကျပ်တန် ငါးခြစ်ကြော်ရောင်းချဖြစ်ပုံ

ဒီဆိုင်လေးကို လက်ရှိမှာလည်း ထမင်းဆိုင်နဲ့ တွဲဖွင့်ထားပေမယ့် အများစုကတော့ (၁,၀၀၀) ကျပ်နဲ့ ရောင်းချတဲ့ ငါးခြစ်ကြော်ကိုပဲ ပိုသတိထားမိနေတာ ဖြစ်ပါတယ်။ ထမင်းဆိုင်ဟာ ယခင်က ( ၂၄) နာရီ ဖွင့်လှစ်ရောင်းချရတဲ့ ထမင်းဆိုင်ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုး ပျံ့နှံ့လာချိန်ကစပြီး ရောင်းအားကျဆင်းခဲ့ရတာပါ။ ဒါပေမယ့် စိန်ခေါ်မှုတိုင်းမှာ အခွင့်အလမ်းတွေ ရှိနေတတ်ပါတယ်။ ရောင်းအားကျဆင်းလာတဲ့ ထမင်းဆိုင်အပြင် အခြားအလုပ်တစ်ခု ထပ်လုပ်ပြီး မိသားစုရပ်တည်နိုင်ဖို့အတွက် နည်းလမ်းတွေကို စဉ်းစားရင်း ဒါကို စတင်ရောင်းချခဲ့တာ ဖြစ်တယ်လို့ ဆိုင်ရှင်က ပြောပါတယ်။

"အန်တီတို့ ထမင်းဆိုင်က ဖွင့်လာတာ (၁၀) နှစ်ကျော်ပြီ။ အရင်က (၂၄) နာရီ ရောင်းတဲ့ဆိုင်ပါ။ ဒါပေမယ့် ကိုဗစ်လှိုင်းမှာ စီးပွားရေးကကျပ် ဆိုင်ကလည်း (၂၄) နာရီရောင်းလို့ မရတော့ဘူး။ အဲဒီမှာ အန်တီလည်း ဘာလုပ်ရမလဲ စဉ်းစား၊ မိတ်ဆွေတွေကလည်း တိုက်တွန်းကြတော့ အန်တီ ဒီငါးခြစ်ကြော် စရောင်းဖို့ စဉ်းစားပြီး လုပ်ဖြစ်ခဲ့တာပါ " လို့ ရောင်းချသူက ဆိုပါတယ်။

ဓာတ်ပုံ : ထားထားဝေ

(၅)ပိဿာကနေ စတင်ခဲ့တဲ့လုပ်ငန်း 

စတင်ချိန်ကတော့ တစ်နေ့ကို ငါးခြစ် ငါးပိဿာ ကြော်ရောင်းပြီး စတင်ခဲ့ပေမယ့် ရောင်းချလာတဲ့ သက်တမ်းတစ်နှစ်ကျော်အတွင်းမှာတော့ နေ့စဉ် ငါးခြစ် ပိဿာ (၅၀)ရောင်းရတဲ့အထိ ရောင်းအားတက်လာခဲ့တာ ဖြစ်ပါတယ်။

" အန်တီ စရောင်းတုန်းကတော့ ငါးခြစ် ငါးပိဿာကနေ စတင်ခဲ့တာပါ။ တဖြည်းဖြည်းနဲ့ စားသုံးသူတွေ ရလာပြီး ငါးခြစ် အချိန်(၅၀)အထိ ရောင်းရတယ်ပေါ့နော်။ ဘာလို့ ဒီလောက်ရောင်းရလဲဆိုတော့ စေတနာပေါ့ သမီးရယ် ။ အန်တီ သူဌေးဖြစ် ရောင်းတာမဟုတ်ဘူး။ သူတို့လည်းအဆင်ပြေ ကိုယ်လည်းမိသားစု စားဝတ်နေရေး အဆင်ပြေတဲ့နှုန်းပဲ ရောင်းတာ။ လက်ထဲငွေပိုငွေလျံရှိလာရင် အန်တီအလှူလုပ်တာပဲ။ အခုအန်တီရောင်းတဲ့ ငါးခြစ်ကြော် (၁,၀၀၀) ကျပ်ဆိုတာ ခရမ်းချဉ်သီးလေးနဲ့ ရောချက်မလား ၊ ပြီးတော့ ငါးဥကြော်ပေါ့နော် တစ်ဆယ်သား (၁,၂၀၀) ဆိုရင်လည်း ထမင်းနဲ့ ဒီတိုင်းလေးစားမလား ၊ ပြန်လုပ်မလား ။ ဘယ်လိုလုပ်လုပ် မိသားစုလေးတွေ ထမင်းစားကောင်းတယ်ပေါ့နော် ။ ညနေဘက်ဆို လက်ကိုမလည်ဘူး။ လူတန်းစား အလွှာစုံကို ဝယ်စားတာ " လို့ ရောင်းချသူက ဆိုပါတယ်။

အစားအသောက်အရည်အသွေးကို ဂရုစိုက်တဲ့ရောင်းချသူ

မြန်မာနိုင်ငံတွင်းမှာ လက်လီအပြင် ၊ အလှူပွဲတွေအတွက် အော်ဒါတွေ ၊ နိုင်ငံခြားကို ပို့ဖို့ အော်ဒါတွေပါ အမြဲလုပ်ပေးရတဲ့အတွက် မိသားစု ဆယ်ဦးလောက်ဟာ အမြဲလက်မလည်အောင် အလုပ်လုပ်နေရတာပါ။

စားသုံးသူ အခိုင်အမာရှိထားတဲ့ဆိုင်အနေနဲ့ အရသာ မှန်ကန်ဖို့ ၊ သန့်ရှင်းမှုရှိဖို့က အဓိကဖြစ်လို့ ကုန်ကြမ်းထိန်းသိမ်းမှုနဲ့ သန့်ရှင်းမှုအတွက်ကိုတော့ အထူးဂရုစိုက်တယ်လို့ ရောင်းချသူက ဆိုပါတယ်။

" ငါးခြစ်ရဲ့ ကုန်ကြမ်းကိုတော့ စိတ်ချ ၊ မလတ်တာ လုံးဝမသုံးဘူး။ စိတ်ထဲ မလတ်ဘူးထင်ရင် အန်တီ မနှမြောဘူး။ လွှင့်ပစ်လိုက်တယ်။ မလတ်တာပါသွားလို့ အနံ့ ၊ အရသာပြောင်းသွားရင် အန်တီနာမည်ပျက်မှာလေ။ ဒီငါးခြစ်က နိုင်ငံခြားကိုလည်း အော်ဒါပို့ရတယ် ၊ ဒီမှာလည်း အလှူလုပ်တဲ့သူတွေက ဘယ်လောက်သားကို ဘယ်နှပြား ၊ ဘယ်နှစ်လုံးလုပ်ပေးပါဆိုပြီး အော်ဒါအပ်ကြတယ်။ ပြီးတော့ အန်တီက အများယူယူ ၊ အနည်းယူယူ ဒီဈေးပဲ ။ အများကြီးယူလို့လည်း အန်တီမလျှော့ပေးနိုင်ဘူး။ ဘာလို့လဲဆိုတော့ အန်တီအမြတ်အများကြီး တင်ထားတာ မဟုတ်ဘူးလေ။အရင်က (၁၅) ကျပ်သားကို (၁,၀၀၀) ကျပ် ၊ အခု တစ်ဆယ်ကျပ်သားကို (၁,၀၀၀) ကျပ်ဖြစ်သွားတာ ဆီဈေး ၊ ကုန်ဈေးနှုန်း ဘာမှကို မခံနိုင်တော့လို့ ပစ္စည်းကို လျှော့လိုက်ရတာ။ တစ်ချို့ဆို ဈေးတောင် တက်သွားပြီ ထင်နေတာ။ မဝယ်တာ ကြာတဲ့သူဆို ဘယ်ဈေးရောင်းလဲ အဲ့လိုလေး မေးကြတယ် " လို့ ရောင်းချသူက ဆိုပါတယ်။

ငါးခြစ်ကြော် အပြင် ရနိုင်သေးတဲ့ အစားအစာတွေ 

သွားရင်းလာရင်း အလွယ်တကူယူသွားနိုင်တဲ့ စားစရာတွေအဖြစ် ရောင်းချနေတာကတော့ ငါးခြစ်ကြော်အပြင် ငါးဥကြော် ၊ ငါးဖယ်ဖက်ထုပ်ကြော် ၊ ကြက်သားလိပ်တို့ကိုပါ ထပ်တိုးရောင်းချနေသလို အဲဒီ အမျိုးအစား တွေကလည်း စားသုံးသူတွေရဲ့ အားပေးမှု ရရှိထားပါတယ်။

ဘုန်းကြီးလမ်းမီးပွိုင့် ငါးခြစ်ကြော်ဆိုင်မှာ အားပေးချင်ရင်တော့ 

ဘုန်းကြီးလမ်းမီးပွိုင့် ငါးခြစ်ကြော်ဆိုင်က မြောက်ဥက္ကလာပမြို့နယ် ၊ သုဓမ္မာလမ်းမကြီးနဲ့ အာသာဝတီလမ်းထောင့် ( ဘုန်းကြီးလမ်းမီးပွိုင့်)မှာ ရှိနေတာဖြစ်ပြီး ငါးခြစ်ကြော် တစ်ထုပ် ၁၀၀၀ကျပ် ၊ ငါးဥကြော် တစ်ထုပ် ၁၂၀၀ကျပ် ၊ ငါးဖယ်ဖက်ထုပ် လေးခု ၁၀၀၀ကျပ် ၊ ကြက်သားလိပ် တစ်ခု ၄၀၀ကျပ် ဖြစ်ပြီး မနက် ၆နာရီကနေ ည၉နာရီအထိရောင်းချနေတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က