ညညဆို အိပ်မပျော်ဘူးလို့ ခဏခဏ ပြောတတ်ကြပါတယ်။ အခုလို စီးပွားရေး ၊ လူမှုရေး ၊ ကျန်းမာရေး အကြပ်အတည်း ကာလကြီးမှာ လူတိုင်းဟာ အိပ်ပျော်ရခက်ခဲတဲ့ ဝေဒနာကို ကြာရှည်စွာခံစားလာကြရပါတယ်။ ဒါတင်မကသေးပါဘူး။ ဆိုရှယ်မီဒီယာသုံးစွဲလွန်တာ၊ ဂိမ်းတွေ အဆော့လွန်တဲ့ ပြဿနာတွေကလည်း အိပ်စက်အနားယူခြင်းကို အနှောင့်အယှက် ဖြစ်နေပြန်ပါတယ်။ ဒီလို အိပ်မပျော်တာက ရောဂါတစ်ခုလား၊ အိပ်မပျော်ရတဲ့ အကြောင်း ရင်းများစွာ ရှိနေပြီး ကိုယ်အိပ်မပျော် ရတဲ့အကြောင်းက ဘာကြောင့်လဲဆိုတာ အဖြေ ရှာကြည့် ရအောင်။
အိပ်မပျော်တဲ့အဓိက အကြောင်းရင်းတွေ များစွာ ရှိပါတယ်။
ပတ်ဝန်းကျင်ကြောင့် အိပ်မပျော်တာ
နံပတ်တစ်ကတော့ ပတ်ဝန်းကျင်ကြောင့် အိပ်မပျော်တာဖြစ်ပါတယ်။ အသံတွေ ဆူညံနေခြင်း၊ အိပ်ခန်းအပူချိန် ပူလွန်းအေးလွန်းခြင်း၊ အိပ်ရာအပြောင်းအလဲ၊ အနေအထားမမှန်ခြင်း စတဲ့ အကြောင်းတွေ ကြောင့်ဖြစ်ပါတယ်။ ဒီလိုပတ်ဝန်းကျင်အခြေအနေကြောင့် အိပ်မပျော်ခြင်းက သမားရိုးကျ အိပ်မပျော်တာ ဖြစ်ပါတယ်။
ဓာတ်ပုံ - freepik
စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်အိပ်မပျော်တာ
စိတ်ဖိစီးမှုများတာတွေ၊ စိတ်ပူပင်သောကများတဲ့ အခြေအနေတွေ၊ စိတ်ဓာတ်ကျဆင်းနေတဲ့အခြေအနေတွေမှာ အိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် အလုပ်အကိုင်ပြောင်းလဲတာကြောင့် အလုပ်အသစ်တစ်ခု ရောက်သွားတဲ့အခါ နေသားတကျ မဖြစ်တဲ့ အချိန်မှာ အဲဒီ အကျိုးဆက်အနေနဲ့ အိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။
အိပ်ချိန်မမှန်လို့ အိပ်မပျော်တာ
လူငယ်တွေအများဆုံး ဖြစ်ကြတဲ့ အိပ်မပျော်တဲ့ကိစ္စကတော့ စိတ်ဖိစီးမှုနဲ့ မဆိုင်ဘဲနဲ့ ကိုယ့်အိပ်ချိန် တွေ ပျက်လို့ မမှန်လို့ ဖြစ်ကြတာ များပါတယ်။ အဓိက အကြောင်းကတော့ လူငယ်တွေအနေနဲ့ အိပ်တဲ့ အလေ့အထကို ပုံမှန်မလုပ်ခဲ့လို့ အိပ်မပျော်တာမျိုးတွေ ဖြစ်ကြတာပါ။
“လူငယ်တွေက ဂိမ်းကစားတယ်။ ညကို ၂ နာ ရီ၊ ၃ နာရီအထိ မအိပ်ဘူး ဖုန်းသုံးနေကြတယ်။ မနက်ဆို ထချင်တဲ့အချိန်မှ ထတယ်။ စသည်အားဖြင့် အိပ်စက်ခြင်း အလေ့အထ ပြောင်းလဲသွားတဲ့ အတွက်ကြောင့် အိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်” လို့ အထွေထွေအထူးကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က ဆိုပါတယ်။
ဓာတ်ပုံ - freepik
ရောဂါကြောင့် အိပ်မပျော်တာ
အိပ်မပျော်တဲ့ နောက်ထပ် အကြောင်းတစ်ခုကတော့ ရောဂါကြောင့် နာကျင်ခံစား ရမှုကြောင့် ဖြစ်ပါတယ်။ နာကျင်မှုကြောင့် ခြေလက်တွေ ထုံကျင် ကိုက်ခဲတာမို့လို့ အိပ်မပျော်တာတွေ ဖြစ်နိုင်ပါတယ်။ နာတာရှည် ရောဂါတွေ ကြောင့် အိပ်မပျော်တာတွေ ဖြစ်နိုင်ပါတယ်။ ကင်ဆာရောဂါ ၊ ကျောက်ကပ်ရောဂါ စသည်အားဖြင့် နာတာရှည် ရောဂါတွေကြောင့် အိပ်မပျော်တာဖြစ်တတ်ပါတယ်။ ဒါ့အပြင် ကိုဗစ်ရောဂါကြောင့် နောက်ဆက်တွဲအနေနဲ့ အိပ်မပျော်တာ ဖြစ်တတ်ပါတယ်။ အာရုံကြောပိုင်းဆိုင်ရာကြောင့် အိပ်မပျော်တာဖြစ်တတ်ပါတယ်။ နာတာ ရှည် ရောဂါကြောင့် သောက်သုံး ရတဲ့ ဆေးဝါးတွေက အိပ်စက်ခြင်းကို နှောင့်ယှက်ခြင်း ဖြစ်စေပါတယ်။
ဘယ်လိုအကြောင်းတွေကြောင့်ပဲ ဖြစ်ဖြစ် ညည အိပ်မပျော်တဲ့သူတွေအနေနဲ့ လုပ်ဆောင်သင့်တဲ့ သင့်တဲ့နည်းလမ်းလေးတွေကိုလည်း အထွေထွေအထူးကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က အခုလို အကြံမျှဝေထားပါတယ်။
အိပ်မပျော်တဲ့သူတွေ လုပ်သင့်တဲ့ အဆင့် ၆ ဆင့်
၁။ အိပ်မပျော်တဲ့အကြောင်းကို ရှာပါ။
၂။ အိပ်ချိန်မှန်မှန်အိပ်ပါ။
၃။ နေ့ခင်းအိပ်တာ လျှော့ချပါ။
၄။ အိပ်ခါနီး အစာဝဝမစားပါနဲ့။
၅။ ညနေဘက်တွေမှာ ကော်ဖီမသောက်ပါနဲ့။
၆။ ဆေးလိပ်၊အရက် ရှောင်ကြဥ်ပါ။
တကယ်လို့ သင်အိပ်မပျော်တဲ့အကြောင်းက အပေါ်မှာပြောထားတဲ့ အိပ်မပျော်တဲ့ အကြောင်းရင်း အခြေအနေတွေ အားလုံးနဲ့ မကိုက်ညီသလို အိပ်မပျော်တဲ့သူတွေ လုပ်ဆောင်သင့်တဲ့ အဆင့်တွေကို လုပ်တဲ့အထိတောင် နှစ်နှစ်ခြိုက်ခြိုက်မပျော်နိုင်သေးဘူးဆိုရင် သင်ဟာ အိပ်မပျော်နိုင်တဲ့ ရောဂါ၊ အိပ်မရတဲ့ ရောဂါ ခံစားနေရပြီလို့ သတ်မှတ်နိုင်ပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေဖြစ်လာပြီဆိုပါက စိတ်ကျန်းမာရေး ဆရာဝန်တွေနဲ့ တိုင်ပင်ဖို့ လိုအပ်ပါတယ်။
ဖော်ပြပါ သတင်းဆောင်းပါးအချက်အလက်များသည် အထွေထွေ အထူးကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင် က အကြံပြုဆွေးနွေးထားခြင်းဖြစ်ပါတယ်။