အဆုတ်ရောင်ဗိုင်းရပ်(စ်)ပိုးနဲ့ ပတ်သက်ပြီးစစ်ဆေးနေတာပါ။

လက်ရှိမှာ အဆုတ်ရောင်ဗိုင်းရပ်(စ်)ပိုးနဲ့ ပတ်သက်ပြီးစိုးရိမ်စရာမရှိတော့ပေမယ့် မြန်မာနိုင်ငံကို တရုတ်နိုင်ငံကနေအများဆုံးဝင်ရောက်လာနိုင်တဲ့ မန္တလေးလေဆိပ်နဲ့ တရုတ်နယ်စပ်ဂိတ်တွေမှာတော့ ကျန်းမာရေးဌာနက စစ်ဆေးမှုတွေကို ဦးစားပေးပြီး စစ်ဆေးဆောင်ရွက်နေဆဲပါ။

တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ အဆုတ်ရောင်ဗိုင်းရပ်(စ်)ပိုးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာလည်း တရုတ်နယ်စပ်ဂိတ်တွေနဲ့ လေဆိပ်တွေမှာ ဖျားနာပြီးဝင်လာသူမရှိအောင် စောင့်ကြည့်စစ်ဆေးနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကသိရပါတယ်။ အဆုတ်ရောင်ဗိုင်းရပ်(စ်)ပိုးဟာ လူလူချင်းကူးစက်နိုင်တဲ့ရောဂါမဟုတ်ဘဲ အသားငါးတွေကနေတစ်ဆင့်သာ ကူးစက်နိင်တာဖြစ်လို့ လက်ရှိမှာတော့ ဒီဗိုင်းရပ်(စ်)ပိုးကြောင့် ပြည်သူတွေစိုးရိမ်စရာမလိုတော့ဘူးလို့ဆိုပါတယ်။

“ ဒီရောဂါက လူကနေလူကိုမကူးနိုင်တဲ့အချက်ရယ်၊ ပြီးတော့ သေဆုံးတဲ့သူက တစ်ယောက်သာရှိတဲ့အတွက် စိုးရိမ်မှုအတိုင်းအတာက Level နဲ့ပြောရရင်အရမ်းနိမ့်သွားပါပြီ။ ဆရာတို့ ဦးစားပေးပြီးစောင့်ကြပ်ရမယ့်ရောဂါထဲမှာ list အနေနဲ့ပြောရရင် list ရဲ့ဟိုးအောက်ဆုံးရောက်သွားပါပြီ။ ဒါပေမယ့် ဆရာတို့ကတော့ နိုင်ငံတကာလေဆိပ်တွေဝင်ပေါက်တွေနဲ့ တရုတ်ပြည်ကနေ တိုက်ရိုက်ဝင်နိုင်တဲ့ နယ်စပ်ဂိတ်ပေါက်တွေမှာတော့ ဝင်လာတဲ့သူတွေကို ကျန်းမာရေး စောင့်ကြပ်စစ်ဆေးမှုတွေကတော့ ပြုလုပ်နေဆဲပါ” လို့ ကျန်းမာရေးနှင်းအားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က Duwun ကိုပြောပါတယ်။

လေဆိပ်တွေကို စစ်ဆေးတဲ့အခါမှာ တရုတ်နိုင်ငံကနေအများဆုံးဝင်ရောက်လာနိုင်တဲ့ မန္တလေး လေဆိပ်ကို ဦးစားပေးအနေနဲ့ စစ်ဆေးဆောင်ရွက်လျှက်ရှိတယ်လို့ဆိုပါတယ်။

မန္တလေးလေဆိပ်မှာ တစ်ရက်ကို တရုတ်ကာလာတဲ့လေယာဉ် (၁၅)စီးလောက်ဆိုက်ရောက်လျှက်ရှိတယ်လို့သိရပါတယ်။ လက်ရှိမှာ အဆုတ်ရောင်ဗိုင်းရပ်(စ်)ပိုးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံမှာ အသက်(၆၁)နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ကူးစက်ခံရသူ (၇)ဦးကလည်း ရောဂါပြင်းထန်တယ်လို့ ဝူဟန်မြို့ကျန်းမာရေးကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံမှာလည်းကူးစက်ခံရသူတစ်ဦးတွေ့ရှိထားတယ်လို့ နိုင်ငံတကာသတင်းတွေအရသိရပါတယ်။ 

Share

Loading Next Article...
က္က