အသင်းဟောင်းရဲ့ ဖြုန်းတီးမှုတွေအပေါ် မချင့်မရဲဖြစ်နေတာပါ။

အာဆင်နယ်ကစားသမားဟောင်းတဦးဖြစ်တဲ့ မာတင်ကီအွန်က ညက လီဗာပူးလ်ကို အရေးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ အာဆင်နယ်တို့ ဂိုးရဖို့ ရုန်းကန်ခဲ့ရတဲ့အပေါ် စိတ်ပျက်လက်ပျက်ညည်းတွားခဲ့ပါတယ်။ အာဆင်နယ်ဟာ အခွင့်အရေးတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘဲ ၂-၀ နဲ့ အိမ်ကွင်းမှာပဲ အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ 

ကိုင်ဟာဗက်ဇ်၊ ဆာကာနဲ့ အိုဒီဂတ်တို့ အခွင့်အရေးတွေကို ဖြုန်းတီးခဲ့ကြတာပါ။ အာဆင်နယ်ဟာ ဂိုးရနိုင်ချေ xG 1.89 အထိ ရှိခဲ့တာပါ။ ဒါ့အပြင် နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲမှာ ဂိုးရနိုင်ချေ xG 6.47 အထိ ရှိခဲ့ကာ ၁ ဂိုးတည်းသာ သွင်းယူနိုင်တဲ့အထိ တိုက်စစ်ပိုင်းက ဖြုန်းတီးခဲ့ပါတယ်။ 

ကီအွန်က "အာဆင်နယ်က အခွင့်အရေးတွေ အများကြီးရခဲ့တာပါ၊ ပွဲကို အကောင်းဆုံးစတင်နိုင်ခဲ့ပါတယ်၊ ကစားပုံလည်း အရမ်းကောင်းခဲ့ပေမယ့် ကိုင်ဟာဗက်ဇ်က ဂိုးစောစောရအောင် မလုပ်နိုင်ခဲ့တာကို ကျနော် အံ့အားသင့်မိပါတယ်၊ သူတို့ အဲဒီအတိုင်းသာဆိုရင် ညသန်းခေါင်အထိ ဆက်ကစားရင်တောင် ဂိုးရနိုင်မှာမဟုတ်ဘူးလို့ ကျနော်ခံစားရတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

"ကစားသမားတဦးတည်းအပေါ် ကျနော်ပြောတာမဟုတ်ပါဘူး၊ ဒါက အစုအဖွဲ့လိုက်ပါ၊ သူတို့တွေ စျေးကွက်ထဲ ဝင်ရောက်ပြီးတော့ ဆွေးနွေးမှုတွေ လုပ်ရတော့မယ်ဆိုတာလည်း သေချာပါ်တယ်၊ လီဗာပူးလ်က ကန်သွင်းခွင့် ၃ ကြိမ်ကနေ ၂ ဂိုးသွင်းခဲ့ပြီး ဂိုးပေါက်ရှေ့မှာ ပိုပြီးတော့ အလုပ်ဖြစ်ခဲ့ပါတယ်" လို့ သူက ဆက်ပြောခဲ့ပါတယ်။ 


အက်ဖ်အေဖလားပွဲကနေ ထွက်ခဲ့ရလို့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတို့ကိုသာ မျှော်လင့်နိုင်တော့မှာ ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က