မနေ့ညက ကစားခဲ့တဲ့ စပါးနဲ့ မန်စီးတီးပွဲမှာတော့ မန်စီးတီးက ဟာလန်းရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲက ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်စေတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့တာပါ။
ပထမပိုင်းမှာကတည်းက တော်တော်လေး ကြည့်ကောင်းခဲ့တဲ့ပွဲတစ်ပွဲဖြစ်ပြီး စပါးက သူတို့ရဲ့ ပုံစံအတိုင်း မန်စီးတီးကို မရှိန်နေဘဲ ကောင်းကောင်းတုံ့ပြန်နိုင်ခဲ့ပါတယ်။ မန်စီးတီးကလည်း တော်တော်လေးကို သတိထားကစားခဲ့ရပြီး ဒုတိယပိုင်းမှာတော့ လိုအပ်နေတဲ့ ဂိုးတွေရရှိခဲ့ပါတယ်။
ဒီဘရိုင်းရဲ့ ဖန်တီးပေးမှုကတစ်ဆင့် ဟာလန်းက အကောင်းဆုံး အဆုံးသတ်ခဲ့သလို ပွဲကစားချိန် နောက်ဆုံးမိနစ်မှာ အနိုင်သေချာစေမယ့် ဂိုးကိုလည်း ဟာလန်းကပဲ ပင်နယ်တီကတစ်ဆင့် သွင်းယူပေးခဲ့ပါတယ်။ ဟာလန်း ဒုတိယဂိုးမသွင်းယူခင်မှာ ဆွန်ဟောင်မင် အပိုင်အခွင့်အရေးတစ်ကြိမ် ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။
ဒီဖြစ်ရပ်မှာ ဂွါဒီယိုလာတစ်ယောက် ခြေပစ်လက်ပစ်ဖြစ်သွားခဲ့တာက ပရိသတ်တွေအတွက် သဘောကျစရာမြင်ကွင်းဖြစ်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ မန်စီးတီးတို့ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်ပါ သေချာသလောက်ရှိသွားခဲ့ပါတယ်။
မန်စီးတီးဟာ ကစားဖို့ တစ်ပွဲသာကျန်ရှိတော့ချိန်မှာ ဒုတိယနေရာက အာဆင်နယ်ကို နှစ်မှတ်အသာနဲ့ ဦးဆောင်ထားပါတယ်။ ရာသီပိတ်ပွဲမှာ မန်စီးတီးက ဝက်စ်ဟမ်းနဲ့ ကစားရမှာဖြစ်ပြီး ဒီပွဲမှာသာ အမှားအယွင်းမရှိခဲ့ရင် မန်စီးတီးတို့ လေးနှစ်ဆက် ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်တော့မှာပါ။