အိန္ဒိယနိုင်ငံရဲ့မြို့တော် နယူးဒေလီရှိ အိတ်ထုတ်လုပ်တဲ့ စက်ရုံတစ်ရုံမှာ ကြီးမားတဲ့ မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄၃ ဦး သေဆုံးခဲ့ကြောင်းနဲ့ သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
(Photo: Adnan Abidi/Reuters)
ယမန်နေ့ (ဒီဇင်ဘာ ၈ ရက်) မနက်အစောပိုင်းက နယူးဒေလီမြို့ရှိ လမ်းကျဥ်းများနဲ့ အသေးစား ကုန်ထုတ်လုပ်ငန်းများ၊ ဂိုထောင်များဖြင့် ပြွတ်သိပ်နေတဲ့ ရပ်ကွက်တစ်ခုအတွင်း အထပ်လေးထပ်ပါ စက်ရုံအဆောက်အအုံမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ မီးလောင်မှုဖြစ်ပွားစဥ် အဆိုပါ စက်ရုံအတွင်း လူ ၁၀၀ ထက်မနည်း အိပ်ပျော်နေခဲ့ကြတယ်လို့ ဆိုပါတယ်။
ကျောင်းသူကျောင်းသားသုံး အိတ်များကို အဓိက ထုတ်လုပ်နေတဲ့ စက်ရုံမီးလောင်မှုအတွင်း လူ ၆၀ ကျော်ကို ကယ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။ မီးအကြီးအကျယ်လောင်ခဲ့တဲ့ အိတ်စက်ရုံမှာ မီးဘေးလုံခြုံရေး သင့်တော်တဲ့ အစီအမံများမရှိကြောင်းနဲ့ တရားမဝင် လုပ်ငန်းလုပ်ကိုင်နေတဲ့ စက်ရုံတစ်ရုံလည်းဖြစ်ကြောင်း ဒေသဆိုင်ရာ မီးသတ်တပ်ဖွဲ့အကြီးအကဲက BBC Hindi သတင်းဌာနကို ပြောပါတယ်။
(Photo: Adnan Abidi/Reuters)
ရီဟန် အမည်ရှိ စက်ရုံပိုင်ရှင်ကို ဖမ်းဆီးထားကြောင်း ဒေသခံမီဒီယာက ဖော်ပြပါတယ်။ ယမန်နေ့ ဒေသစံတော်ချိန် မနက် ၅ နာရီ ၂၂ မိနစ်မှာ မီးလောင်နေကြောင်း သတင်းပေးပို့မှုကို ဒေလီမီးသတ်ဌာနက လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ စက်ရုံရဲ့အောက်ထပ်မှ မီးစတင်လောင်ခဲ့ပြီး အလုပ်သမားများ အိပ်ပျော်နေကြတဲ့ တတိယထပ်သို့ လျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရပါတယ်။
"ငိုသံတွေ အော်ဟစ်သံတွေကြောင့် ကျွန်တော်တို့ နိုးလာခဲ့တယ်၊ မီးလောင်နေတဲ့ အဲဒီအဆောက်အအုံထဲမှာ လူတွေ ပိတ်မိနေတာ တွေ့ရတယ်၊ သူတို့ကို ကျွန်တော်တို့ နေအိမ်ခေါင်မိုးပေါ်ကို လာခဲ့ကြဖို့ ပြောခဲ့တယ်၊ အဲဒါမှ သူတို့ကို ကျွန်တော်တို့က ကယ်လို့ရမှာလေ၊ ဒါပေမဲ့ သူတို့ ထွက်မလာနိုင်ခဲ့ကြဘူးဗျာ" လို့ စက်ရုံနဲ့ကပ်လျက်မှာ နေထိုင်သူ အသက် ၁၇ နှစ်အရွယ် ရိုနက်ခ်ခန်းက ပြောပါတယ်။
(Photo: Adnan Abidi/Reuters)
အိတ်စက်ရုံ မီးလောင်ရတဲ့အကြောင်းရင်းကို အတိအကျ မသိရေးဘဲ စုံစမ်းစစ်ဆေးနေကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ ကနဦး စစ်ဆေးမှုနဲ့ မျက်မြင်တွေရဲ့ ပြောကြားမှုအရ လျှပ်စစ်ပိုင်းဆိုင်ရာ ချွို့ယွင်းမှုကနေ မီးလောင်မှုစတင်ခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုဖြစ်ပွားခဲ့တဲ့ စက်ရုံအတွင်း ကျောင်းသူကျောင်းသားသုံး အိတ်များနဲ့ ကုန်ကြမ်းပစ္စည်းတွေ ပြည့်နှက်နေတာ တွေ့ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ဆိုပါတယ်။ နောက်ဆုံး သတင်းအချက်အလက်အတွေအရ သေဆုံးသူ ၄၃ ဦးဖြစ်ပြီး ၁၆ ဦးကို ဆေးရုံတင်ထားရကြောင်း ဒေလီမြောက်ပိုင်းခရိုင် လက်ထောက်ရဲမင်းကြီး မိုနီကာဘီဟာဝက်ဂျ်က AFP သတင်းဌာနကို ပြောပါတယ်။