အိန္ဒိယနိုင်ငံရဲ့မြို့တော် နယူးဒေလီမြို့မှာ လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာမှုကြောင့် အာဏာပိုင်တွေက ကျောင်းများနဲ့ ကောလိပ်များ အားလုံးကို အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း သိရပါတယ်။
နယူးဒေလီမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေကိုလည်း သယ်ယူပို့ဆောင်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ စီမံကိန်းတွေကလွဲပြီး နိုဝင်ဘာ ၂၁ ရက်နေ့အထိ အားလုံး ရပ်ဆိုင်းထားရန် ညွှန်ကြားထားပါတယ်။ ထို့အတူ မြို့တော်မှာရှိတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၁ ခုအနက် ၅ ခုကိုသာ လည်ပတ်ခွင့်ပြုထားပါတယ်။
(Photo: Getty Images)
ဒီပါဝါလီပွဲတော်ကာလမှစပြီး နယူးဒေလီမြို့မှာ အဆိပ်သင့် အမှုန်အမွား အခိုးအငွေ့များ ဖုံးလွှမ်းနေခဲ့တယ်လို့ ဆိုပါတယ်။ နယူးဒေလီမြို့ရဲ့ လေထုညစ်ညမ်းမှု PM2.5 အဆင့်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organizaiton - WHO) က ဘေးအန္တရာယ်ကင်းကြောင်း စံသတ်မှတ်ချက်ထက် များစွာကျော်လွန်နေခဲ့ပါတယ်။
နိုဝင်ဘာ ၁၆ ရက်နေ့က မြို့ရဲ့နေရာအတော်များများမှာ လေထုအရည်အသွေး အညွှန်းကိန်းဟာ ၄၀၀ နီးပါး သို့မဟုတ် ၄၀၀ ကျော်သို့ ရောက်ရှိနေခဲ့ပြီး ပြင်းထန်တဲ့အဆင့် ဖြစ်ပါတယ်။ လေထုအရည်သွေး အညွှန်းကိန်း (Air Quality Index - AQI) သတ်မှတ်ချက်အရ သုညမှ ၅၀ အထိဟာ ကောင်းမွန်းကြောင်းနဲ့ ၅၁ မှ ၁၀၀ အထိကိုတော့ သင့်တင်တဲ့လေထုအရည်အသွေးအဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။
(Photo: People's Daily)
နယူးဒေလီမှာ လေထုညစ်ညမ်းမှု ဆိုးရွားနေတာကြောင့် ကျောင်းအချို့ကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကတည်းက ပိတ်ထားခဲ့ပါတယ်။ အာဏာပိုင်တွေက ယာဥ်အသွားအလာ တင်းတင်းကျပ်ကျပ် ကန့်သတ်ခြင်း အပါအဝင် lockdown စီမံဆောင်ရွက်မှုတွေ လုပ်ဆောင်ရန်လည်း စဥ်းစားနေတယ်လို့ ဆိုပါတယ်။
နယူးဒေလီဟာ ကမ္ဘာ့လေ့ထုအညစ်ညမ်းဆုံး ထိပ်ဆုံးမြို့တွေထဲမှာလည်း ပါဝင်နေပြီး စက်ရုံများ၊ ကားများနဲ့ လယ်ယာမြေ မီးရှို့မှုတွေကနေ ထွက်ပေါ်လာတဲ့ အန္တရာယ်ရှိ မီးခိုငွေ့များကြောင့် ဆောင်ရာသီကာလရောက်တိုင်း လူဦးရေ သန်း ၂၀ နေထိုင်ကြတဲ့ မြို့ရဲကောင်းကင်ဟာ မည်းညစ်မှုန်ဝါးနေတတ်တယ်လို့ ဆိုပါတယ်။ ဆွစ်ဇာလန်အခြေစိုက် IQAir ရဲ့ ၂၀၂၀ ခုနှစ် အစီရင်ခံစာအရ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ ၃၀ အနက် ၂၂ မြို့ဟာ အိန္ဒိယနိုင်ငံမှဖြစ်ပြီး နယူးဒေလီကတော့ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့အဖြစ် ရပ်တည်ခဲ့ပါတယ်။