အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ လူဦးရေ သန်း ၂၀ ရဲ့ လေးပုံတစ်ပုံကျော်ဟာ ရောဂါလက္ခဏာမပြဘဲ COVID-19 ကူးစက်ခံထားရနိုင်ကြောင့်း ယနေ့ (ဩဂုတ် ၂၀ ရက်) ထုတ်ပြန်လိုက်တဲ့ လေ့လာမှုရလဒ်က ဖော်ပြခဲ့ပါတယ်။
(Photo: Reuters)
ယခု လေ့လာမှုရလဒ်အရ အိန္ဒိယအစိုးရက တရားဝင် ထုတ်ပြန်ထားတဲ့ ကူးစက်ခံရသူဦးရေနဲ့ ပတ်သက်ပြီး သံသယအသစ်တွေ မြင့်တက်လာပါတယ်။ နယူးဒေလီမြို့ခံ ၁၅,၀၀၀ ထံမှ ပဋိပစ္စည်းလေ့လာမှုမှရရှိတဲ့ အချက်အလက်အပေါ် အခြေခံတွက်ချက်မှုအရ မြို့ရဲ့လူဦးရေ ၅.၈ သန်းဟာ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကူးစက်ခံထားရနိုင်တယ်လို့ ဆိုပါတယ်။
ထိုအရေအတွက်ဟာ တာဝန်ရှိသူတွေ တရားဝင် ထုတ်ပြန်ထားတဲ့ နယူးဒေလီမြို့မှာ ကူးစက်ခံရသူ ၁၅၆,၁၃၉ ဦးထက် ၃၇ ဆအထိ ပိုများနေခဲ့တာလည်း ဖြစ်ပါတယ်။ အိန္ဒိယဟာ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်မှု တတိယအများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၂.၈၅ သန်းကျော်၊ သေဆုံးသူ ၅၄,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၂.၁ သန်းကျော်ရှိခဲ့ပါတယ်။
(Photo: AFP)
ယခုလအစောပိုင်းမှာ နယူးဒေလီမြို့ခံ ၁၅,၀၀၀ ရဲ့ သွေးနမူနာတွေကို စစ်ဆေးခဲ့ရာ ၂၉.၁ ရာခိုင်နှုန်းထံမှာ ကိုရိုနာဗိုင်းရပ်စ် ပဋိပစ္စည်းများတွေ့ခဲ့ရတယ်လို့ ဒေလီကျန်းမာရေးဝန်ကြီး Satyendra Jain က ပြောပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ပဋိပစ္စည်းစစ်ဆေးမှုတွေကို သတိထားဆောင်ရွက်သင့်ကြောင်းနဲ့ တွေ့ရှိရတဲ့ ပဋိပစ္စည်းတွေဟာ COVID-19 ဖြစ်စေတဲ့ ဗိုင်းရပ်စ်ထံမှမဟုတ်ဘဲ အခြား ကိုရိုနာဗိုင်းရပ်စ်များမှလည်း ဖြစ်နေနိုင်တယ်လို့ ဆိုပါတယ်။
နယူးဒေလီမှာ ဇွန်မှ ဇူလိုင်လအထိ အလားတူ လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ရာမှာ ၂၃ ရာခိုင်နှုန်းထံမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရနိုင်ကြောင်း ရလဒ်ထွက်ခဲ့ပါတယ်။ အိန္ဒိယရဲ့ အခြား မြို့ကြီးတွေမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေကလည်း ကူးစက်ခံရသူအရေအတွက်ဟာ တရားဝင် ကိန်းဂဏန်းတွေထက် ပိုများနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။
(Photo: Reuters)
အိန္ဒိယအနောက်ပိုင်း Pune မြို့မှာ လတ်တလော ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ ၅၁.၅ ရာခိုင်းနှုန်းရဲ့ သွေးထဲမှာ ဗိုင်းရပ်စ်ပဋိပစ္စည်းများ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဇူလိုင်လနှောင်းပိုင်းမှာ မွမ်ဘိုင်းမြို့ ဆင်းရဲသားရပ်ကွက်များအတွင်း စစ်ဆေးခဲ့မှုတွေအရ ၅၇ ရာခိုင်နှုန်းဟာ ဗိုင်းရပ်စ်ကူးစက်ခံထားရနိုင်ပြီး တရားဝင် အချက်အလက်တွေထက် များစွာပိုမိုနေကြောင်း သိရပါတယ်။
"ဒီလို လေ့လာမှုတွေက အသုံးဝင်ပြီး လိုအပ်ပါတယ်၊ ဒါပေမဲ့ အရေးကြီးတာက ဒါကို ဘယ်လို အဓိပ္ပါယ်ကောက်မလဲဆိုတာပါပဲ၊ ဒါက တစ်မြို့လုံးအတွက် အသုံးမပြုနိုင်ပါဘူး" လို့ Jawaharlal Nehru တက္ကသိုလ်မှ Centre of Social Medicine and Community Health ရဲ့ အကြီးအကဲ Rajib Dasgupta က ပြောပါတယ်။
ထိုအတောအတွင်း ဟိုက်ဒရာဘတ်မြို့မှာ မိလ္လာရေကို စစ်ဆေးခဲ့တဲ့ နောက်ထပ် လေ့လာမှုအရ ထိုမြို့ရဲ့ လူဦးရေ ၉ သန်းကျော်မှာ ၆.၆ ရာခိုင်နှုန်းဟာ COVID-19 ကူးစက်ခံထားရနိုင်ကြောင်းနဲ့ တရားဝင် ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်တွေထက် များစွာပိုမိုနေကြောင်း AFP သတင်းက ဖော်ပြပါတယ်။