နယူးဒေလီမြို့ရဲ့ ကောင်းကင်ဟာ မှုန်ဝါးနေပြီး ကျန်းမာရေး အရေးပေါ်အခြေအနေ ဖြစ်လာကြောင်း သတိပေးပါတယ်

အိန္ဒိယနိုင်ငံရဲ့ လေထုညစ်ညမ်းမှုထိန်းချုပ်ရေးအဖွဲ့က နယူးဒေလီမြို့ ကောင်းကင်ဟာ မီးခိုရောင်ဖြစ်ကာ မှုန်ဝါးနေပြီး ကျန်းမာရေး အရေးပေါ်အခြေအနေ ဖြစ်လာကြောင်း သတိပေးလိုက်ပြီးနောက် တနင်္လာနေ့ (နိုဝင်ဘာ ၁၅ ရက်) မှာစတင်ကာ ကျောင်းတွေကို တစ်ပတ်ကြာ ပိတ်ထားမယ်လို့ အာဏာပိုင်တွေက ကြေညာပါတယ်။

နယူးဒေလီဟာ ကမ္ဘာ့လေ့ထုအညစ်ညမ်းဆုံး ထိပ်ဆုံးမြို့တွေထဲမှာလည်း ပါဝင်နေပြီး စက်ရုံများ၊ ကားများနဲ့ လယ်ယာမြေ မီးရှို့မှုတွေကနေ ထွက်ပေါ်လာတဲ့ အန္တရာယ်ရှိ မီးခိုငွေ့များကြောင့် ဆောင်ရာသီကာလရောက်တိုင်း လူဦးရေ သန်း ၂၀ နေထိုင်ကြတဲ့ မြို့ရဲကောင်းကင်ဟာ မည်းညစ်မှုန်ဝါးနေတတ်တယ်လို့ ဆိုပါတယ်။



(Photo: India TV News)

နယူးဒေလီရဲ့ ယနေ့ (နိုဝင်ဘာ ၁၃ ရက်) လေထုညစ်ညမ်းမှု PM2.5 ဟာ လေထုအရည်အသွေး အညွှန်းကိန်း ၃၀၀ ကျော်သို့ ရောက်ရှိနေခဲ့ပါတယ်။ ထိုကိန်းဂဏန်းဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က သတ်မှတ်ထားတဲ့ နေ့စဥ် ဘေးကင်းတဲ့ကန့်သတ်ချက်ထက် ၁၀ ဆကျော် ပိုများနေခဲ့တာလည်း ဖြစ်ပါတယ်။

လေထုအရည်အသွေး အညွန်းကိန်းဟာ ၃၀၀ အထက်မှာ ၄၈ နာရီကြာဖြစ်နေမှုအရ နယူးဒေလီမြို့တော်မှာ မူလတန်းကျောင်းများပိတ်ခြင်းနဲ့ ယာဥ်အသွားအလာ တင်းတင်းကျပ်ကျပ် ကန့်သတ်ခြင်း အပါအဝင် အရေးပေါ်စီမံဆောင်ရွက်မှုတွေ ရှိလာမယ်လို့ အစောပိုင်းမှာ ပြောထားခဲ့ပါတယ်။

(Photo: Hindustan Times)

ယမန်နေ့ (နိုဝင်ဘာ ၁၂ ရက်) မှာ Central Pollution Control Board အဖွဲ့က နယူးဒေလီမြို့ခံတွေကို နေအိမ်ပြင်ပ သွားလာလှုပ်ရှားမှု ကန့်သတ်လျှော့ချရန် ပြောခဲ့ပြီး အစိုးရအာဏာပိုင်တွေကိုလည်း အရေးပေါ်အခြေအနေဆိုင်ရာ စီမံဆောင်ရွက်မှုတွေ လုပ်ဆောင်ရေးအတွက် ကြိုတင်ပြင်ဆင်ရန် အကြံပြုခဲ့ပါတယ်။

ညဘက်မှာ လေငြိမ်နေတာကြောင့် လေထုအရည်အသွေး မကောင်းတဲ့အခြေအနေဟာ နိုဝင်ဘာ ၁၈ ရက်နေ့အထိ ဆက်လက်ဖြစ်ပေါ်နေနိုင်ကြောင်း ထိုအဖွဲ့က ဖြည့်စွက်ပြောပါတယ်။ ယနေ့ (နိုဝင်ဘာ ၁၃ ရက်) မှာတော့ အိန္ဒိယတရားရုံးချုပ်က လေထုအရည်အသွေး အကျပ်အတည်းကို လျော့ပါးစေရန် ဒေလီကို လေထုညစ်ညမ်းမှု lockdown သတ်မှတ်ရန် အကြံပြုခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

ဒေလီရဲ့ အိမ်နီးချင်းပြည်နယ်တွေမှာ လယ်ယာစိုက်ပျိုးရေးထွက် အမှိုက်များ မီးရှို့ခြင်းက နှစ်စဥ် ဆောင်းရာသီရောက်တိုင်း လေထုညစ်ညမ်းမှု မြင့်တက်စေတဲ့ အဓိက အကြောင်းရင်းတစ်ခု ဖြစ်နေပါတယ်။ တရားရုံးချုပ်က ထိုသို့ မီးရှို့မှုတွေ မလုပ်ဆောင်ကြရန် တားမြစ်ပိတ်ပင်ထားပေမဲ့ နှစ်စဥ် မီးရှို့မှုတွေ ရှိနေဆဲလို့ ဆိုပါတယ်။

ယခုရာသီ လယ်ယာမြေ မီးရှိုမှုအရေအတွက်ဟာ ပြီးခဲ့တဲ့ ၄ နှစ်အတွင်း အမြင့်ဆုံးဖြစ်ကြောင်း အစိုးရအချက်အလက်တွေအရ သိရှိရပါတယ်။ ဆွစ်ဇာလန်အခြေစိုက် IQAir ရဲ့ ၂၀၂၀ ခုနှစ် အစီရင်ခံစာအရ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ ၃၀ အနက် ၂၂ မြို့ဟာ အိန္ဒိယနိုင်ငံမှဖြစ်ပြီး နယူးဒေလီကတော့ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့အဖြစ် ရပ်တည်ခဲ့ပါတယ်။

Share

Loading Next Article...
က္က