လေထုညစ်ညမ်းမှု လေ့လာစောင့်ကြည့်ရေး အုပ်စုနှစ်ခုက ယနေ့ (မတ်လ ၅ ရက်) မှာ ထုတ်ပြန်မှုအရ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ဟာ ၂၀၁၈ ခုနှစ်အတွင်း လေထုအညစ်ညမ်းဆုံး မြို့တော်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
(Photo: Reuters)
အဆိုပါ အုပ်စုနှစ်ခုက ကမ္ဘာတစ်ဝှမ်းမှ မြို့တော် ၆၁ ခုမှာ လေထုအရည်အသွေးကို လေ့လာစောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။ လေထုအညစ်ညမ်းဆုံး မြို့များစာရင်းမှာ လူဦးရေ သန်း ၂၀ ကျော် နေထိုင်ကြတဲ့ နယူးဒေလီက ထိပ်ဆုံးမှရပ်တည်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၊ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တို့က နယူးဒေလီရဲ့နောက်မှာ အစဉ်လိုက်ရပ်တည်နေပါတယ်။
လေထုအရည်အသွေး လေ့လာစောင့်ကြည့်မှုကို ဆွစ်ဇာလန်အခြေစိုက် IQ AirVIsual နဲ့ Greenpeace တို့က လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ နယူးဒေလီမြို့ရဲ့ လေထုဟာ စက်မှုလုပ်ငန်းနဲ့ ယာဉ်အမျိုးမျိုးမှ ထုတ်လွှတ်တဲ့ မီးခိုးများ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေမှ ဖုန်မှုန်များ၊ အမှိုက်မီးရှို့မှုနဲ့ လယ်ကွင်းများမှာ မီးရှို့မှုမှ ထွက်ပေါ်လာတဲ့ မီးခိုးတွေကြောင့် ညစ်ညမ်းမှုဖြစ်နေပါတယ်။
(Photo: Reuters)
ယခု ထုတ်ပြန်လိုက်တဲ့ လေ့လာမှုအစီရင်ခံစာအရ တရုတ်နိုင်ငံ ဘေဂျင်းမြို့က လေထုအညစ်ညမ်းဆုံးစာရင်းရဲ့ နံပါတ် ၈ နေရာမှာ ရပ်တည်နေကြောင်းလည်း သိရပါတယ်။ တရုတ်အစိုးရဟာ လေထုညစ်ညမ်းမှုကို လျှော့ချရန်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ခြင်းနဲ့ လေထုညစ်ညမ်းမှုဖြစ်စေတဲ့ စက်မှုလုပ်ငန်းတွေကို အရေးယူဆောင်ရွက်ခြင်းတို့ဖြင့် နှစ်အတန်ကြာ ရုန်းကန်လုပ်ဆောင်ခဲ့ရပါတယ်။
ထိုသို့ လုပ်ဆောင်ခဲ့မှုအရ လတ်တလော နှစ်များအတွင်း လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရေး ဥပဒေပြုမှုနဲ့ နိုင်ငံရေးနယ်ပယ်မှ စိတ်ဝင်စားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် တိုးတက်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့ ၁၅ မြို့မှ မြို့ပေါင်း ၂၀ အထိ ရှိနေသေးကြောင်း အစီရင်ခံစာက ဖော်ပြထားပါတယ်။
(Photo: VOA)
"မဖြေရသေးတဲ့ မေးခွန်းကတော့ အိန္ဒိယမှာ ဒီကနေ့ ရင်ဆိုင်နေရတဲ့ ကျန်းမာရေး အရေးပေါ်အခြေအနေနဲ့ လေထုညစ်ညမ်းမှုဖြစ်စေတဲ့ လောင်စာအသုံးပြုမှုနဲ့ အလေ့အထတွေကို စွန့်လွှတ်ရေး အရေးယူဆောင်ရွက်ဖို့အတွက် နိုင်ငံရေးအရ လုံလောက်တဲ့ စိတ်ဝင်စားမှုရှိရဲ့လားဆိုတာပါပဲ" လို့ Greenpeace India အဖွဲ့အစည်းမှ ပြောခွင့်ရအမျိုးသမီး Pujarini Sen က ပြောခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။