မြန်မာဘုရားဖူးအဖွဲ့မှ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ဟိုတယ်တစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ မြန်မာအမျိုးသမီး ၂ ဦးအပါအဝင် လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ နယူးဒေလီမြို့ရှိ

စရိတ်သက်သာတဲ့ Arpit Palace ဟိုတယ်မှာ ယနေ့ (ဖေဖေါ်ဝါရီ ၁၂ ရက်)ဒေသစံတော်ချိန် မနက် ၄ နာရီ ၃၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။




(Image: Myanmar Embassy New Delhi)

ဟိုတယ်မီးလောင်မှုအတွင်း သေဆုံးခဲ့တဲ့ မြန်မာအမျိုးသမီး ၂ ဦးဟာ အဆိုပါဟိုတယ်မှာ တည်းခိုလျက်ရှိတဲ့ အဖွဲ့ဝင် ၇ ဦးပါ ရွှေမိဗုဒ္ဓဂါယာ မြန်မာဘုရားဖူးအဖွဲ့မှ ဖြစ်တယ်လို့ နယူးဒေလီမြို့ရှိ မြန်မာသံရုံးက Facebook မှာ သတင်းထုတ်ပြန်ထားပါတယ်။ ဘုရားဖူးအဖွဲ့မှ နောက်ထပ် မြန်မာတစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာသံရုံးတာဝန်ရှိသူတွေရဲ့ အတည်ပြုချက်အရ သေဆုံးသူ ၂ ဦးမှာ တိုက်ကြီးမြို့မှ ဒေါ်လှမေ (အသက် ၆၆ နှစ်) မြန်မာနိုင်ငံကူးလက်မှတ်အမှတ် MD838696 နဲ့ ဒေါ်မြမြထွေး (အသက်(၄၄) နှစ်) မြန်မာနိုင်ငံကူးလက်မှတ်အမှတ် MD807824 တို့ဖြစ်ကြောင်းနဲ့ ကျန်ရစ်သူဆွေမျိုးများ သိရှိစေရန် ထုတ်ပြန်အပ်ကြောင်း မြန်မာသံရုံးက ပြောထားပါတယ်။

(Photo: AFP)

ဒဏ်ရာရခဲ့တဲ့ မြန်မာတစ်ဦးကတော့ Lady Hardinge ဆေးရုံမှာ ဆးကုသမှုခံယူလျက်ရှိတယ်လို့ မြန်မာသံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဘုရားဖူးအဖွဲ့မှာပါဝင်တဲ့ အခြား မြန်မာနိုင်ငံသား ၄ ဦးဟာ Metro View ဟိုတယ်မှာ ပြောင်းရွှေ့တည်းခိုနေထိုင်လျက်ရှိကြောင်းလည်း သိရပါတယ်။

ဟိုတယ်မီးလောင်မှုမှာ ပါဝင်ခဲ့တဲ့ မြန်မာများအတွက် နယူးဒေလီမြို့ရှိ မြန်မာသံရုံး ကောင်စစ်ရေးရာဌာန တာဝန်ခံ ပထမအတွင်းဝန် ဒေါ်မို့၊ ပထမအတွင်းဝန် ဒေါ်ခင်မာသီနဲ့ ဒုတိယအတွင်းဝန် ဦးကောင်းဖြိုးဝင့်တို့က မီးလောင်မှုဖြစ်ပွားရာ ဟိုတယ်နဲ့ ဆေးရုံများသို့သွားရောက်ပြီး ကူညီဆောင်ရွက်ပေးနေကြောင်းလည်း မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်

(Photo: PNIRBHAY23/VIKASJOURNOLKO/Twitter)

မီးလောင်မှုဖြစ်ပွားစဉ် ဟိုတယ်အဆောက်အအုံအတွင်း လူ ၁၂၀ ရှိနေခဲ့တယ်လို့ ခန့်မှန်းရကြောင်းနဲ့ ၃၅ ဦးကို မီးသတ်သမားတွေက ကယ်တင်နိုင်ခဲ့ကြောင်း AFP သတင်းက ဖော်ပြထားပါတယ်။ ဟိုတယ်မီးလောင်မှုကို အနည်းဆုံး မီးသတ်ကား ၂၅ စီးဖြင့် ၇ နာရီကြာ ငြှိမ်းသတ်ခဲ့ပြီးနောက် မီးထိန်းနိုင်ပြီလို့ နယူးဒေလီမြို့ မီးသတ်တပ်ဖွဲ့အကြီးအကဲ G.C. Misra က သတင်းထောက်တွေကို ပြောခဲ့ပါတယ်

(Photo: New Indian Express)

ယခု မီးလောင်မှုဖြစ်ပွားခဲ့တဲ့ Arpit Palace ဟိုတယ်ဟာ နယူးဒေလီမြို့ Karol Bagh အရပ်မှာတည်ရှိပြီး လွန်ခဲ့တဲ့ ၂၅ နှစ်ဝန်းကျင်မှာ တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုဖြစ်ပွားစဉ် ဟိုတယ်မှာ တည်းခိုနေထိုင်တဲ့ ဧည့်သည်အများစုဟာ အိပ်ပျော်နေကြကြောင်း AFP သတင်းက ပြောပါတယ်။

Share

Loading Next Article...
က္က