မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂျ်က နယူးကာဆယ်က ပျင်းရိစရာကောင်းတဲ့ ကစားပုံနဲ့ အသင်းဖြစ်တယ်လို့ ပြောဆိုလိုက်ပြီး ကာရာဘောင်းဖလားဗိုလ်လုပွဲမှာ အချိန်ဆွဲကစားမယ့်အပေါ် စိုးရိမ်တယ်လို့လည်း ဆိုပါတယ်။ အဆိုပါနှစ်သင်းဟာ ဒီရာသီမှာ ပထမဆုံးဆုဖလားတလုံးအတွက် ဝင်ဘလေမှာ အပြိုင်နွှဲရတော့မှာလည်းဖြစ်ပါတယ်။
လီဗာပူးလ်နည်းပြကလော့ပ်၊ အာဆင်နယ်နည်းပြအာတီတာတို့ကလည်း နယူးကာဆယ်ရဲ့ ကစားဟန်ကို စိတ်ပျက်မိတယ်လို့ ဖွင့်ဟခဲ့ဖူးပါတယ်။ အချက်အလက်တွေအရ နယူးကာဆယ်အသင်းရဲ့ ပွဲစဉ်တပွဲဟာ ပျမ်းမျှအားဖြင့် ဘောလုံးကစားရတာ ၅၁ မိနစ်နဲ့ ၄၇ စက္ကန့်သာရှိပြီး ဒါဟာ လိဒ်ယူနိုက်တက်ကလွဲရင် ကျန်အသင်းအားလုံးထက် နည်းပါးတဲ့ အချိန်လည်းဖြစ်ကာ မိနစ်ပေါင်း ၄၀ နီးပါးက အချိန်ဆွဲဖြုန်းတီးနေတာဖြစ်ပါတယ်။
"သူတို့နဲ့ ကစားရတာက စိတ်အနှောင့်အယှက်ဖြစ်ရတာမို့ အနိုင်ရဖို့ နည်းလမ်းကို ရှာရပါမယ်၊ သူတို့ကတော့ ခင်ဗျားကို အနှောင့်အယှက်ဖြစ်အောင် လုပ်မှာပါပဲ၊ ကျနော်တို့အနေနဲ့ ကိုယ့်ပွဲကို ကောင်းကောင်းကစားပြီး ပွဲအပေါ်အာရုံစိုက်ဖို့ပဲ လိုပါတယ်၊ ကျနော်တို့ ဒီပွဲကို ကျနော်တို့ရဲ့ပွဲဖြစ်အောင် လုပ်ရမယ်၊ အလုပ်အပေါ်ပဲ အာရုံစိုက်ထားရပါမယ်"
"ကွင်းထဲမှာ ဘာဖြစ်နေနေ တတ်နိုင်သမျှ အာရုံမပြောင်းဖို့၊ ကျနော်တို့ သွားချင်တဲ့ လမ်းကြောင်းကို ရှာဖွေဖို့နဲ့ တိုက်စစ်ဆင်နိုင်မယ့် အခိုက်အတန့်တွေကို ရှာဖွေသွားရပါမယ်" လို့ တန်ဟက်ဂျ်က ပြောဆိုခဲ့ပြီး ကစားသမားတွေကိုလည်း ပွဲအရှိန်မြှင့်တင်ဖို့အတွက် တိုက်တွန်းခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။
ဒီပွဲကိုသာ အနိုင်ရခဲ့မယ်ဆိုရင် တန်ဟက်ဂျ်က ယူနိုက်တက်နည်းပြဘ၀ ပထမဆုံးရာသီမှာပဲ ပထမဆုံး ဆုဖလားတလုံးကို ရယူနိုင်မှာဖြစ်ပါတယ်။ ယူနိုက်တက်အတွက်လည်း ၇ နှစ်အတွင်း ပထမဆုံးဆွတ်ခူးတဲ့ ဆုဖလားဖြစ်လာမှာပါ။