ကွန်တီတစ်ယောက် နယူးကာဆယ် နည်းပြရာထူးကို စိတ်မဝင်စားလောက်ဘူးလို့ သုံးသပ်နေကြတာပါ။

ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးနည်းပြဟောင်း ကွန်တီဟာ နယူးကာဆယ်ဘက်က ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ငြင်းဆန်ပယ်ချသွားဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။



မနေ့ညက နယူးကာဆယ်ကို ပေါင် (၃၀၅) သန်းနဲ့ ဆော်ဒီအိမ်ရှေ့မင်းသား ဘင်ဆာလ်မန်ရဲ့ လက်ထဲကို ရောင်းချခဲ့တဲ့နောက် နယူးကာဆယ်ကို အားလုံးက အာရုံစိုက်လာကြပါပြီ။

ဘင်ဆာလ်မန်ဟာ လက်ရှိ ပရီးမီးယားလိဂ်အသင်းပိုင်ရှင် အားလုံးထက် ကြွယ်ဝချမ်းသာသူတစ်ယောက်ဖြစ်တာကြောင့်လည်း သူ့အသင်းကို ငွေကြေးကြီးကြီးမားမား သုံးစွဲပြီး အင်အားဖြည့်တင်းသွားဖို့ရှိပါတယ်။

နယူးကာဆယ်ရဲ့ လက်ရှိနည်းပြ စတိဗ်ဘရုစ်ကိုယ်တိုင်ကလည်း အသင်းပိုင်ရှင် အပြောင်းအလဲဖြစ်ချိန်မှာ သူ့ရဲ့အနာဂတ်က မရေရာတော့ဘူးလို့ ဝန်ခံထားပါတယ်။

ဒါပေမယ့်လည်း နယူးကာဆယ်အတွက် အဓိက ရေပန်းစားနေတဲ့ ကွန်တီကတော့ ရည်မှန်းချက်မြင့်မားသူတစ်ယောက်ဖြစ်ပြီး နယူးကာဆယ်ရဲ့လက်ရှိအနေအထားကြောင့် သူ့ကို နည်းပြသစ်အဖြစ် ကမ်းလှမ်းလာခဲ့ရင်တောင် ငြင်းဆန်သွားဖွယ်ရှိပါတယ်။

ကွန်တီဟာ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီး၊ အီတလီစီးရီးအေကလပ် ဂျူဗင်တပ်စ်၊ အင်တာမီလန်တို့နဲ့အတူ သက်ဆိုင်ရာ အမှတ်ပေးဖလားတွေကို ဆွတ်ခူးခဲ့ဖူးပြီး လက်ရှိအချိန်မှာတော့ အသင်းလက်မဲ့ဖြစ်နေတာပါ။ ကွန်တီဟာ ပြီးခဲ့တဲ့ရာသီက အင်တာမီလန်နဲ့အတူ အီတလီစီးရီးအေ အမှတ်ပေးဖလားကို ဆွတ်ခူးခဲ့ပေမယ့် အသင်းရဲ့အနာဂတ်စီမံကိန်းတွေအပေါ် သဘောမကျတာကြောင့် လမ်းခွဲခဲ့တာပါ။

ကွန်တီဟာ အခုလို အသင်းလက်မဲ့ဖြစ်နေတဲ့ အချိန်အတွင်း ကမ်းလှမ်းမှုအချို့ လက်ခံရရှိခဲ့ပေမယ့် ငြင်းဆန်ပယ်ချခဲ့ပြီး အနာဂတ်စီမံကိန်းခိုင်မာတဲ့အသင်းကိုသာ ရွေးချယ်မယ်လို့ဆိုခဲ့ပါတယ်။ အဲ့ဒါကြောင့် အာဆင်နယ်နဲ့ သတင်းထွက်ချိန်မှာတောင် အာဆင်နယ်ရဲ့ လက်ရှိအနေအထားကြောင့် ကွန်တီတို့ အာဆင်နယ်ကို ငြင်းပယ်ဖွယ်ရှိတယ်လို့ဆိုကြပြီး ယူနိုက်တက်က ကမ်းလှမ်းလာရင်တော့ လက်ခံစဥ်းစားလိမ့်မယ်လို့ သတင်းတွေက ဖော်ပြခဲ့တာပါ။

နယူးကာဆယ်ရဲ့ လက်ရှိလူအင်အားကလည်း ကွန်တီအတွက် စိတ်တိုင်းကျစရာ အခြေအနေမှာ မရှိသေးဘဲ အောင်မြင်မှုရဖို့ဆိုရင် အသင်းကို အခုထက်ပိုမို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ လိုအပ်နေပြီး အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းရဖို့လည်းရှိနေပါတယ်။ 

Share

က္က