ဆက်တိုက်ခြေစွမ်းပြနေပြီး ဇယားထိပ်ဆုံးလေးသင်းစာရင်းထဲ ဝင်ရောက်လာတဲ့ နယူးကာဆယ်က သူတို့အတွက် ပြိုင်ဘက်ဖြစ်လာပြီလို့ မန်စီးတီးနည်းပြဂွာဒီယိုလာက ချီးကျူးပြောဆိုလိုက်ပါတယ်။ နယူးကာဆယ်က လာမယ့်ရာသီ ဥရောပဝင်ခွင့်တနေရာကို စိန်ခေါ်နိုင်စွမ်းရှိနေပြီလို့ သူက ပြောဆိုခဲ့ပြီး နည်းပြအက်ဒီဟိုဝီကိုလည်း ချီးမွမ်းခဲ့ပါတယ်။
နယူးကာဆယ်ကတော့ ဒီရာသီမှာ မန်စီးတီးကို ၃ ဂိုးစီသရေကျအောင် ကစားနိုင်ခဲ့ပြီး ရှုံးပွဲတပွဲတည်းသာရှိသေးတဲ့ အသင်းဖြစ်ပါတယ်။ အဆိုပါရှုံးပွဲကလည်း လီဗာပူးလ်ကို အန်ဖီးလ်မှာ ပွဲချိန်နောက်ဆုံးမိနစ်မှ ဂိုးပေးလိုက်ရလို့ အရေးနိမ့်ခဲ့တာပါ။ မနေ့က ပွဲမှာလည်း ဗီလာကို ၄ ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပြီး အဆင့် ၄ နေရာမှာ ရပ်တည်နေကာ ချယ်လ်ဆီး၊ ယူနိုက်တက်တို့အထက်မှာ ရပ်တည်နေတာဖြစ်ပါတယ်။
ဂွာဒီယိုလာက "သူတို့က ပြိုင်ဘက်၊ ပြိုင်ဘက်တွေပါ၊ သူတို့နည်းပြ အက်ဒီဟိုဝီ ဘယ်လောက်တောင် ထူးချွန်လဲဆိုတာသိလား၊ ပြီးတော့ ရောက်လာတဲ့ ကစားသမားသစ်တွေနဲ့ သူတို့ကစားပုံက အရမ်းကို ရဲရင့်လွန်းပါတယ်၊ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အသင်းတွေအများကြီး တိုက်ပွဲဝင်နေရပါတယ်၊ ပြီးတော့ အမှတ်ပေးဖလားအတွက်ရောပေါ့၊ အခုဆို နယူးကာဆယ်လည်း ပါဝင်လာပါပြီ"
"သူတို့က အဲဒီစာရင်းမှာ ရှိနေခဲ့ပြီးပါပြီ၊ ပြီးခဲ့တဲ့တပတ်က စပါးနဲ့ပွဲမှာကတည်းက ကျနော်ဒါကို မြင်တွေ့ခဲ့တာပါ၊ သူတို့နဲ့လည်း ဒီရာသီမှာ ကျနော်တို့ရင်ဆိုင်ခဲ့ဖူးပါပြီ၊ သူတို့က ဥရောပပွဲတွေ ကစားရတာမရှိလို့ တပတ်ကို တပွဲပဲ ကစားနေရတာကိုလည်း ထည့်စဉ်းစားကြည့်လို့ရပါတယ်" လို့ ဂွာဒီယိုလာက ပြောဆိုသွားခဲ့ပါတယ်။
ဆော်ဒီသူဌေးတွေ ပိုင်ဆိုင်ခဲ့ပြီးနောက် နယူးကာဆယ်ဟာ ချက်ချင်းပဲ တောင့်တင်းတဲ့အသင်းတသင်းဖြစ်လာခဲ့ပြီး ငွေကြေးအများကြီးသုံးစွဲတာမျိုးတောင် မလုပ်ရသေးဘဲ တိုးတက်လာခဲ့တာပါ။ ဂွီမာရေ့စ်အပါအဝင် ကစားသမားကောင်းအနည်းငယ်ခေါ်ယူခဲ့ပြီး အက်ဒီဟိုဝီရဲ့ အစွမ်းနဲ့ အခုလိုမျိုး ခြေစွမ်းပြလာခဲ့တာဖြစ်ပါတယ်။