နယူးကာဆယ်သာ နည်းပြအပြောင်းအလဲဖြစ်ခဲ့ရင် ဆိုးလ်ရှားကိုပါ ရိုက်ခတ်နိုင်တယ်လို့ ကီဗင်ဖီးလစ်ကပြောခဲ့တာပါ။

ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ နယူးကာဆယ်သာ နည်းပြအပြောင်းအလဲဖြစ်ခဲ့ရင် ယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့ အနာဂတ်ကိုလည်း ထိခိုက်လာနိုင်တယ်လို့ ကီဗင်ဖီးလစ်ကဆိုလာပါတယ်။



ကီဗင်ဖီးလစ်ဟာ ပရီးမီးယားလိဂ်ရဲ့ ဝါရင့်တိုက်စစ်မှူးဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်မှာ ဆိုးလ်ရှားရဲ့အနာဂတ်လှုပ်ခတ်လာနိုင်တာနဲ့ ပတ်သက်လို့ ပြောကြားခဲ့တာပါ။ နယူးကာဆယ်ဟာ ပိုင်ရှင်သစ်လက်ထက်မှာ နည်းပြနေရာကို အရင်ဆုံးအပြောင်းအလဲလုပ်ဖို့ ပြင်ဆင်နေပြီး ကွန်တီ၊ ဂျရတ်၊ လမ်းပတ်တို့ကို အဓိကပစ်မှတ်ထားနေပါတယ်။

ဒါ့အပြင် ဇီဒန်းကလည်း နယူးကာဆယ်ရဲ့ပစ်မှတ်နည်းပြစာရင်းထဲ ပါဝင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ဒီအပေါ်မှာ ဖီးလစ်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ဆိုးလ်ရှားက လက်ရှိအချိန်မှာ ကြီးမားတဲ့ဖိအားအောက် ရောက်နေတာပါ။ ယူနိုက်တက်မှာဆိုရင် ကွင်းဘေးစည်းနားရပ်လိုက်တာနဲ့ ခင်ဗျားက ဖိအားရောက်သွားမှာပါပဲ”

“ဒါက အလုပ်ရဲ့ သဘောသဘာဝတစ်ခုပဲဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ နိုင်ငံတကာပွဲစဥ်တွေအပြီးမှာ အရင်ထက် တိုးတက်လာဖို့ လိုအပ်ပါတယ်။ နောက်ပြီး နယူးကာဆယ်ရဲ့ အပြောင်းအလဲတွေကလည်း ယူနိုက်တက်ဘုတ်အဖွဲ့ကို အကျိုးသက်ရောက်မှုရှိစေမှာပါ”

“နယူးကာဆယ်ကသာ နာမည်ကျော်နည်းပြတစ်ယောက်ကို ခေါ်ယူသွားမှာ သူတို့ကြောက်တယ်ဆိုရင် ဆုံးဖြတ်ချက်တစ်ခုခု ချမှတ်ပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့က ဘယ်နည်းပြကိုမှ အလုပ်ပြုတ်သွားမှာ မလိုချင်ပါဘူး။ ဒါပေမယ့် ယူနိုက်တက်သာ လာမယ့်ပွဲတွေမှာ ဆက်လက်ရုန်းကန်နေရလို့ ဆိုးလ်ရှားအနာဂတ် တစ်ခုခုဖြစ်သွားလည်း အံ့အားသင့်စရာမရှိပါဘူး”

“ယူနိုက်တက်အနေနဲ့ ကြည့်လိုက်ရင် ကွန်တီ ဒါမှမဟုတ် ဇီဒန်းကို နယူးကာဆယ်က ခေါ်သွားမှာကို မြင်ချင်မှာမဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ဆိုးလ်ရှားလက်ထက် ယူနိုက်တက်က ဆိုးရွားတဲ့ကစားပုံနဲ့ မတည်ငြိမ်တဲ့ ရလဒ်ပိုင်းတွေကြောင့် ဆိုးလ်ရှားရဲ့ ယူနိုက်တက်နည်းပြ အနာဂတ်အတွက် မေးခွန်းထုတ်ဝေဖန်မှုတွေရှိနေတာပါ။

ယူနိုက်တက်ဟာ လာမယ့်ပွဲစဥ်တွေမှာ လက်စတာ၊ အတ္တလန်တာ၊ လီဗာပူး၊ စပါး၊ မန်စီးတီးတိုနဲ့ ဆက်တိုက်ရင်ဆိုင်ရမှာဖြစ်ပြီး ဆိုးလ်ရှားရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးသွားမယ့်ကာလလို့လည်း ဝေဖန်ရေးသမားတွေက သုံးသပ်ထားကြပါတယ်။ 

Share

က္က