နယူးကာဆယ်နဲ့ သတင်းတွေထွက်နေတဲ့အပေါ် မော်ရင်ဟိုက ပြောကြားလာတာပါ။

ရိုးမားနည်းပြ မော်ရင်ဟိုက နယူးကာဆယ်ကို ကိုင်တွယ်မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် သတင်းထောက်တွေရဲ့ မေးခွန်းကို ထူးထူးဆန်းဆန်းဖြေကြားသွားခဲ့ပါတယ်။ မော်ရင်ဟိုဟာ လက်ရှိအချိန်မှာ အီတလီစီးရီးအေကလပ် ရိုးမားကို ကိုင်တွယ်နေတာပါ။



နယူးကာဆယ်က အသင်းပိုင်ရှင်အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း လက်ရှိနည်းပြ စတိဗ်ဘရုစ်ရဲ့နေရာကို နာမည်ကျော်နည်းပြတစ်ယောက်ယောက်နဲ့ အစားထိုးမယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ဒီအထဲမှာ မော်ရင်ဟိုလည်း တစ်ယောက် အပါအဝင်ဖြစ်ပါတယ်။ လမ်းပတ်၊ ကွန်တီ၊ ဂျရတ်၊ ဘရန်ဒန်ရော်ဂျာ၊ မော်ရင်ဟို အစရှိသဖြင့် နယူးကာဆယ်နည်းပြရာထူးအတွက် နာမည်ကြီးတွေက အသီးသီးရေပန်းစားနေတာပါ။

ဒီအပေါ်မှာတော့ မော်ရင်ဟိုက “နယူးကာဆယ်နဲ့ပတ်သက်ပြီးတော့လား? ကျွန်တော့်ဆီမှာ ဘာမှပြောစရာမရှိပါဘူး။ တကယ်ကို ပြောစရာမရှိတာပါ။ ကျွန်တော် ပြောနိုင်တာတစ်ခုပဲရှိပါတယ်”

“အဲ့ဒါကတော့ နယူးကာဆယ်သမိုင်းရဲ့ အရေးပါဆုံးပြယုဂ်တွေထဲကတစ်ခုဖြစ်တဲ့ ဆာဘော်ဘီရော့ဘ်ဆင်နဲ့ ကျွန်တော် နှစ်ပေါင်းများစွာ အလုပ်တွဲလုပ်ခဲ့ဖူးပြီး နယူးကာဆယ်မြို့နဲ့ ကျွန်တော့်ကြားမှာ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုက အခုချိန်ထိ အတော်လေးရှိနေဆဲပါ။ နောက်ပြီး သူတို့ပရိသတ်တွေနဲ့ရောပေါ့။ ဒီထက်တော့ ဘာမှမပိုပါဘူး” လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။

မော်ရင်ဟို လက်ရှိကိုင်တွယ်နေတဲ့ ရိုးမားဟာ ပြီးခဲ့တဲ့ (၂၀၂၀)၊ သြဂုတ်ကမှ အသင်းပိုင်ရှင် အပြောင်းအလဲဖြစ်ခဲ့ပြီး လက်ရှိအသင်းကို The Friedkin Group က ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒီအပေါ်မှာ မော်ရင်ဟိုက “ကျွန်တော် အခု ရောမမြို့မှာရှိနေပြီး ဒီနေရာမှာရှိနေရတဲ့အတွက်လည်း တကယ်ကို ပျော်ရွှင်နေပါတယ်။ ရိုးမားရဲ့ စီမံကိန်း၊ The Friedkin ရဲ့ စီမံကိန်းတွေအပေါ်မှာပဲ ကျွန်တော် ရာနှုန်းပြည့် အာရုံစိုက်ထားပါတယ်” လို့ ဒီနေ့ညမှာ ကစားမယ့် ဂျူဗင်တပ်စ်နဲ့ပွဲမတိုင်ခင် ပြောကြားသွားခဲ့ပါတယ်။ 

Share

က္က