မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲမှာ ရော်နယ်ဒို သွင်းယူခဲ့တဲ့ သွင်းဂိုးတဂိုးက ခွင့်ပြုခံရသင့်ကြောင်း၊ ကွင်းအတွင်း ပွဲကြည့်စင်ပေါ်မှာရှိနေတဲ့ ပရိသတ်တွေတောင်မှ ကွင်းလယ်ဒိုင်ရဲ့ ခရာမှုတ်သံကို ကြားခဲ့ရကြောင်း ဗီဒီယိုမှတ်တမ်းတွေနဲ့တကွ ငြင်းခုန်နေကြပါတယ်။
ဒီပွဲမှာ ယူနိုက်တက်တို့ အိမ်ကွင်းမှာ ဂိုးမသွင်းနိုင်ခဲ့ဘဲ ဂိုးမရှိသရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ရော်နယ်ဒိုကလည်း ဒီပွဲမှာ နှစ်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် တဂိုးက လူကျွံနေခဲ့သလို နောက်တဂိုးကလည်း အငြင်းပွားဖွယ် ပယ်ဖျက်ခံခဲ့ရပါတယ်။ ဒါ့အပြင် ဒီလိုမျိုး ဂိုးကို သွင်းယူခဲ့တဲ့ ရော်နယ်ဒိုကိုလည်း ကွင်းလယ်ဒိုင်က အဝါကတ်ပြသခဲ့ပါတယ်။
ခရိတ်ပေါ်ဆင်ဟာ ပွဲကိုပြန်လည်စတင်ဖို့အတွက် ခရာမှုတ်ပြီးမှ နယူးကာဆယ်နောက်ခံလူ ဖေဘီယန်ရှားက ဘောလုံးကို နစ်ပုပ်ဆီ ပြန်ပေးခဲ့တာပါ။ အဲ့ဒီနောက် နစ်ပုပ်က အခြေအနေ ရပ်ကြည့်နေခဲ့ပြီး ဒီအချိန်မှာ ရော်နယ်ဒိုက ဘောလုံးကို ဖြတ်ယူကာ ဂိုးလွတ်ထဲကို ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက် ကစားသမားတွေဟာ သူတို့ရဲ့ သွင်းဂိုးကို ခွင့်ပြုဖို့ ချက်ချင်း စောဒကတက်ခဲ့ကြပါတယ်။
ဒါပေမယ့်လည်း ကွင်းလယ်ဒိုင်ကတော့ ဒီဂိုးကို ခွင့်မပြုခဲ့ဘဲ ရော်နယ်ဒိုကိုပါ အဝါကတ်ပြသခဲ့တာပါ။ ပရိသတ်တွေကတော့ “ကွင်းထဲမှာရှိတဲ့ ပရိသတ်တွေတောင် ပွဲကြည့်စင်ကနေ ဒိုင်လူကြီး ခရာမှုတ်သံကို ကြားခဲ့ပါတယ်။ အဲ့ဒီနောက်မှ နယူးကာဆယ် ကစားသမားတွေ ဘောလုံးကို ထိခဲ့တာပါ” “ခင်ဗျားတို့လည်း ခရာမှုတ်သံကို အရှင်းကြီးကြားရမှာပါ”
“ပရီးမီးယားလိဂ်က ကွင်းလယ်ဒိုင်တွေကိုလည်း ပွဲပြီး သတင်းစာရှင်းလင်းပွဲ လုပ်ခိုင်းသင့်ပါတယ်။ အဲ့ဒါမှပဲ သူတို့အနေနဲ့ ဘယ်ဆုံးဖြတ်ချက်ကို ဘာကြောင့်ချမှတ်သင့်တယ်ဆိုတာကို ဖြေရှင်းနိုင်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။ အဲဗာတန်ကို ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း ယူနိုက်တက်ဟာ ရပ်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးတဂိုးထပ်ရခဲ့သေးပေမယ့် VAR က လက်နဲ့ထိတယ်ဆိုကာ အငြင်းပွားဖွယ် ပယ်ဖျက်ခဲ့တာကြောင့် နစ်နာခဲ့ရပါသေးတယ်။