ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်က နယူးကာဆယ်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်အုပ်စုပွဲကို ပြင်ဆင်ဖို့ အသင်းသားတွေကို သတိပေးပြောကြားလိုက်ပါတယ်။ ပီအက်စ်ဂျီဟာ အုပ်စုပွဲစဉ်အဖြစ် နယူးကာဆယ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာပါ။
ပထမအကျော့ နယူးကာဆယ်ကွင်းမှာ ရင်ဆိုင်ခဲ့ရတုန်းက ပီအက်စ်ဂျီတို့ ၄-၁ ဂိုးဆိုတဲ့ ရလဒ်နဲ့ မရှုမလှ အရေးနိမ့်ခဲ့ရပါတယ်။ အခု ဒုတိယအကျော့မှာတော့ ပီအက်စ်ဂျီအနေနဲ့ ဒီလိုအမှားမျိုး ထပ်ဖြစ်ခံလို့ မရတော့ပါဘူး။
ဒေါ့မွန်၊ အေစီမီလန်တို့ ပါဝင်နေတဲ့ အုပ်စုမှာ အခု ပွဲစဉ်က (၅) ပွဲမြောက် ပွဲစဉ်ဖြစ်လာခဲ့ပြီး နောက်တစ်ဆင့်အတွက် တော်တော်လေး အရေးပါတဲ့ အခြေအနေတစ်ခုကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အင်းနရစ်က အသင်းသားတွေကို အခုလိုမျိုးပဲ သတိပေးခဲ့တာပါ။
အင်းနရစ်က “နယူးကာဆယ်တို့ ချဲလ်ဆီးကို ရင်ဆိုင်ခဲ့တဲ့ပွဲကို ကြည့်လိုက်ရင် သူတို့ရဲ့ ကြံ့ခိုင်မှုက အံ့အားသင့်စရာပါပဲ။ ကစားသမား (၆) ယောက်လောက်က အသည်းအသန် ဖိအားပေးနေပြီး (၈) ယောက်လောက်ကလည်း တစ်ပြိုင်နက်တည်း ဒါမျိုး လုပ်ပြနိုင်ကြပါတယ်”
“သူတို့ရဲ့ ဒီလိုမျိုး ပြင်းထန်မှု၊ ဖိအားပေးမှုတွေက ကျွန်တော်တို့ သေချာပေါက် ကြိုတင်ပြင်ဆင်ရမယ့်အရာတွေပါပဲ” လို့ ပြောကြားခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ သောကြာနေ့ညက ကစားခဲ့တဲ့ ပြင်သစ်လီဂူးပွဲစဉ်မှာ စီနီယာ ကစားသမား (၁၃) ယောက်အထိကို အနားပေးခဲ့ပြီး ဒါက နယူးကာဆယ်နဲ့ပွဲအတွက် ရည်ရွယ်ခဲ့တာလည်း ဖြစ်ပါတယ်။