ဒီတပတ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက နယူးကာဆယ်နဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ နောက်ဆုံးပွဲစဉ် ၂ ပွဲအထိ ကိုဗစ်ကြောင့် ရွှေ့ဆိုင်းခဲ့ရပြီးနောက် ယူနိုက်တက်က ဒီပွဲကို ပြန်ကစားရတော့မှာဖြစ်ကာ ကစားသမား ၂၅ ဦးအထိ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့တယ်လို့ နည်းပြရန်းဂ်နစ်ခ်က ပြောဆိုထားခဲ့ပါတယ်။
နယူးကာဆယ်နဲ့ ရင်ဆိုင်ရမှုဟာ ယူနိုက်တက်ကွင်းလယ်လူ ဖာနန်ဒက်စ်အတွက်တော့ ဂိုးပေါက်ပြန်ရှာတွေ့နိုင်မယ့် အခွင့်အရေးကောင်းလည်းဖြစ်လာခဲ့ပါတယ်။ ပေါ်တူဂီကြယ်ပွင့်ဟာ နောက်ဆုံးကစားခဲ့တဲ့ ၁၈ ပွဲမှာ အသင်းအတွက် ၁ ဂိုးတည်းသာ သွင်းယူပေးထားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီကထက် သွင်းဂိုးနှုန်းသိသိသာသာလျော့ကျသွားခဲ့လို့ ဝေဖန်ခံနေရသူလည်းဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ် ကွင်းလယ်လူဟာ ၂၀၂၀ အောက်တိုဘာလမှာ ပထမဆုံးအကြိမ် နယူးကာဆယ်နဲ့ ရင်ဆိုင်ခဲ့ရပြီး ၁ ဂိုးသွင်းယူနိုင်ခဲ့သလို ဒုတိယအကျော့မှာလည်း နောက်တစ်ဂိုးထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ ဒီနှစ်ဖေဖော်ဝါရီလတုန်းက ရင်ဆိုင်ခဲ့စဉ်ကလည်း ယူနိုက်တက်က အနိုင်ရတဲ့ပွဲမှာ ဂိုးထပ်ရခဲ့ပြီး သူ့အတွက်တော့ ငှက်ကျားတွေက ဂိုးသွင်းရလွယ်တဲ့ အသင်းတသင်းအဖြစ် ရှိနေခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ လိဂ်ဂိုး ၁၈ ဂိုးအထိ ရရှိပြီး ပြိုင်ပွဲစုံ ၂၈ ဂိုးသွင်းပေးခဲ့တဲ့ ဖာနန်ဒက်စ်ဟာ ဒီရာသီမှာတော့ လိဂ်ဂိုး ၅ ဂိုးတည်းသာ ရရှိသေးတာဖြစ်ပါတယ်။ ယူနိုက်တက်ကို ရော်နယ်ဒိုရောက်လာပြီးနောက် ဖာနန်ဒက်စ်ရဲ့ ဂိုးသွင်းနှုန်းက ထိုးကျသွားခဲ့တာဖြစ်ပြီး ပေါ်တူဂီအသင်းဖော်ကို ပိုမိုဦးစားပေးနေရတာလည်းဖြစ်ပါတယ်။