မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ စနေနေ့မှာ အဲဗာတန်နဲ့ ကစားရမယ့် ပွဲစဉ်အတွက် နယူးကာဆယ်ယူနိုက်တက်ပရိသတ် မိုက်ကယ် အိုလီဗာကို ဒိုင်လူကြီးအဖြစ် တာဝန်ပေးခဲ့တဲ့ဆုံးဖြတ်ချက်ကို လူသိရှင်ကြား မေးခွန်းထုတ်ခဲ့ကြပါတယ်။
ရာသီကုန်ဆုံးဖို့ ၁၀ ပွဲသာ လိုတော့တဲ့အချိန်မှာ အဲရစ် တန်ဟက်ရဲ့အသင်းဟာ စပါးစ်၊ ဘရိုက်တန်၊ နယူးကာဆယ်တို့လို အသင်းတွေနဲ့အတူ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် တိုက်ပွဲဝင်နေရတာဖြစ်ပြီး ထိပ်ဆုံး ၄ နေရာထဲမှာ ရာသီပြီးဆုံးနိုင်ဖို့ ဖိအားတွေဝင်နေတာဖြစ်ပါတယ်။
အက်ဒီဟောင်းရဲ့နယူးကာဆယ်အသင်းဟာ လက်ရှိမှာ မန်ချက်စတာယူနိုက်တက်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး စနေနေ့ညနေ အဲဗာတန်နဲ့ပွဲဟာ မန်ယူနိုက်တက်အတွက် အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာတော့မယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။
အဲဒီလိုမျိုး စိုးရိမ်ပူပင်မှုတွေ ရှိနေချိန်မှာ ပရီးမီးယားလိဂ်က ယခုအပတ် အိုးထရက်ဖို့ဒ်မှာ ကစားရမယ့် အရေးကြီးပွဲစဉ်အတွက် မိုက်ကယ် အိုလီဗာကို ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူကိုင်တွယ်သွားမယ်လို့ အတည်ပြု ပြောကြားခဲ့တာဖြစ်ပါတယ်။ မိုက်ကယ် အိုလီဗာဟာ မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ်တို့ ဝင်ဘလေမှာ ကစားခဲ့တဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲကို တက်ရောက်ကြည့်ရှုခဲ့သူဖြစ်ပြီး အရင်တုန်းက နယူးကာဆယ်ပရိသတ်ဖြစ်တဲ့အကြောင်း ဖွင့်ဟခဲ့ဖူးတာဖြစ်ပါတယ်။
ဒါကြောင့် မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ စနေနေ့ပွဲစဉ်မတိုင်ခင် မိုက်ကယ် အိုလီဗာကို ဒိုင်လူကြီးအဖြစ် ခန့်အပ်မှုနဲ့ပတ်သက်ပြီး ဒေါသတကြီး မေးခွန်းထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ပရိသတ်တစ်ဦးက “ဘယ်လိုဖြစ်ပြီး ဒါကို အက်ဖ်အေနဲ့ ပရီးမီးယားလိဂ်က ခွင့်ပြုခဲ့တာလဲ။ သူက နယူးကာဆယ်ပရိသတ်ဆိုတာ ရှင်းလင်းနေပြီး အဲဒီအတွက် သူက မန်ချက်စတာယူနိုက်တက်ကို ဆန့်ကျင်တဲ့ဆုံးဖြတ်ချက်တွေ ချမှာပဲ”လို့ ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “နယူးကာဆယ်ပရိသတ်က အခုအချိန်မှာ မန်ယူနိုက်တက်ပွဲတွေကို ကိုင်တွယ်ခွင့် မရသင့်ဘူး။ ဒီလိုမျိုး လိုက်ပြောနေဖို့ လိုလို့လား။ ယုံတောင် မယုံနိုင်ဘူးကွာ ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။