နယူးကာဆယ်တို့ အာဆင်နယ်နည်းပြဟောင်း အူနိုင်းအမ်မရီကို ချဥ်းကပ်ခဲ့တာပါ။

နယူးကာဆယ်ဟာ သူတို့ရဲ့နည်းပြ စတိဗ်ဘရုစ်ကို ရာထူးကထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ်ခန့်အပ်ဖို့အတွက် နာမည်ကျော်နည်းပြအချို့ကို ချဥ်းကပ်လျက်ရှိပါတယ်။ နယူးကာဆယ်ကို ကိုင်တွယ်ဖို့အတွက် ကွန်တီ၊ ဂျရတ်၊ လမ်းပတ်တို့ အဓိကရေပန်းစားခဲ့ပြီး ကွန်တီကတော့ လက်ရှိအချိန်မှာ စပါးနည်းပြဖြစ်သွားခဲ့ပါပြီ။



နယူးကာဆယ်အနေနဲ့ ရိုးမားနည်းပြဟောင်း ဖွန်ဆီကာနဲ့ ဆွေးနွေးနေတယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပြီး လက်ရှိ ဗီလာရီးရဲယ်နည်းပြ အူနိုင်းအမ်မရီကိုလည်း ချဥ်းကပ်ခဲ့သေးတယ်လို့ သိရှိရပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်လို့ မနေ့ညက ယန်းဘွိုင်းစ်ကို အိမ်ကွင်းမှာ နှစ်ဂိုးပြတ်အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲအပြီးမှာ အူနိုင်းအမ်မရီက အခုလိုပဲ ဖွင့်ဟခဲ့တာပါ။

အူနိုင်းအမ်မရီက “ဗီလာရီးရဲယ်က ကျွန်တော့်ရဲ့အိမ်ဖြစ်ပြီး ကျွန်တော် ဒီအသင်းအတွက် ရာနှုန်းပြည့်ပေးဆပ်ထားပါတယ်။ အရိုးသားဆုံးပြောရရင်တော့ ကျွန်တော့်ကို ထိပ်တန်းအသင်းတစ်သင်းက ဒီလိုမျိုး စိတ်ဝင်စားတဲ့အပေါ် ဝမ်းသာမိပါတယ်။ ဒါပေမယ့် ကျွန်တော်က ဗီလာရီးရဲယ်မှာရှိနေရတာကို ပိုမိုပျော်ရွှင်ပြီး အသင်းမှာဆက်နေဖို့ ဆုံးဖြတ်ထားပါတယ်”

“လာမယ့်တနင်္ဂနွေမှာ ကျွန်တော်တို့အတွက် အရေးကြီးပွဲတစ်ပွဲရှိပြီး အဲ့ဒီပွဲမှာလည်း ကျွန်တော်တို့ နိုင်ပွဲတစ်ပွဲကို ထပ်မံရှာဖွေနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုအတွက် ကျွန်တော် ကျေးဇူးတင်ပါတယ်” လို့ ဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း နယူးကာဆယ်အနေနဲ့ သူ့ကို တရားဝင်သဘောမျိုး ကမ်းလှမ်းခဲ့တာမဟုတ်ဘူးလို့လည်း အူနိုင်းအမ်မရီက ပြောပါတယ်။ အူနိုင်းအမ်မရီဟာ ပရီးမီးယားလိဂ် အတွေ့အကြုံရှိနည်းပြတစ်ယောက်ဖြစ်ပြီး အာဆင်နယ်ကို တစ်နှစ်ကျော်ကြာ နည်းပြအဖြစ် ကိုင်တွယ်ခဲ့ဖူးတာပါ။

ဒါပေမယ့်လည်း ရလဒ်ဆိုးတွေကြောင့် (၂၀၁၉)၊ နိုဝင်ဘာမှာ ရာထူးက အထုတ်ပယ်ခံခဲ့ရပါတယ်။ (၂၀၂၀)၊ ဇူလိုင်မှာတော့ အူနိုင်းအမ်မရီက ဗီလာရီးရဲယ်နဲ့ (၃) နှစ် စာချုပ်ချုပ်ဆိုခဲ့ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့ ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အူနိုင်းအမ်မရီဟာ သူ့ရဲ့နည်းပြဘဝတစ်လျှောက် ယူရိုပါလိဂ်ဖလား (၄) ကြိမ်အထိ ဆွတ်ခူးထားပြီး ယူရိုပါလိဂ်နဲ့ကံစပ်တဲ့နည်းပြလို့လည်း အသိအမှတ်ပြုထားကြပါတယ်။ 

Share

က္က