မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်းနားဆိုးလ်ရှားဟာ ယမန်နေ့က နယူးကာဆယ်ယူနိုက်တက်အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ပြီးနောက် လာမယ့် လီဗာပူးအသင်းနဲ့ပွဲစဉ်ဟာ ပြီးပြည့်စုံတဲ့ပွဲစဉ်ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေကြောင်း Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ နယူးကာဆယ်အိမ်ကွင်း စိန့်ဂျိမ်းပတ်မှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခြင်းခံခဲ့ရပြီး ယခုရာသီရဲ့ တတိယမြောက်ရှုံးပွဲကို တွေ့ကြုံခဲ့ရတာဖြစ်ပါတယ်။ နယူးကာဆယ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ဆိုးလ်ရှားရဲ့ယူနိုက်တက်ဟာ ၈ ပွဲကစားပြီးချိန်မှာ ရမှတ် ၉ မှတ်နဲ့ အဆင့် ၁၂ နေရာမှာ ရပ်တည်ခဲ့ရပြီဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ နိုုင်ငံတကာအားလပ်ရက်အပြီးမှာ လီဗာပူးအသင်းကို အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့စနေနေ့က လက်စတာစီးတီးကို အနိုင်ရရှိခဲ့တာကြောင့် ၁၀၀ ရာခိုင်နှုန်းနိုင်ပွဲဆက်နိုင်ခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ နိုင်ငံတကာအားလပ်ရက်ပြီးနောက် ချက်ချင်းပဲ လီဗာပူးအသင်းနဲ့ ရင်ဆိုင်ရမယ့်ကိစ္စနဲ့ပတ်သက်ပြီး ဆိုးလ်ရှားက ပြီးပြည့်စုံတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမယ်လို့ လီဗာပူးကို သတိပေးပြောကြားခဲ့တာဖြစ်ပါတယ်။
“ဒါက ကျွန်တော်တို့အတွက် ပြီးပြည့်စုံတဲ့ပွဲစဉ်ဖြစ်လာမှာပါ”
“နိုင်ငံတကာအားလပ်ရက်ကလည်း ပြီးပြည့်စုံတဲ့အချိန်မှာ ရောက်လာတာပါ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ စိတ်ကို အသစ်ပြန်ဖြစ်အောင် လုပ်ဖို့ လိုအပ်နေလို့ပါ”
“သူတို့တွေ သူတို့ရဲ့လက်ရွေးစင်အသင်းဆီ ထွက်ခွာပြီး သူတို့ရဲ့ အသင်းဖော်တွေနဲ့ တွေ့ဆုံကြမှာပါ။ ပြီးရင် သူတို့တွေ လန်းလန်းဆန်းဆန်းနဲ့ ပြန်လာကြပါမယ်”
“ကျွန်တော်တို့ ကောင်းမွန်တဲ့အချိန်တွေ အတူတူရရှိခဲ့ပါတယ်။ ကျွန်တော်တို့ ရာသီကြိုပထမဆုံးနေ့ကတည်းက ကြိုတင်ပြင်ဆင်ခဲ့ကြပါတယ်။ ကျွန်တေ်ာတို့ ဒီနေ့ ရလဒ်ကောင်းမရရှိခဲ့ပေမယ့် ကျွန်တော်တို့ ရှေ့ဆက်သွားရမှာပါ”လို့ ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။