ကာတာအခြေစိုက် beIN SPORTS ဟာ နယူးကာဆယ်အသင်းကို ဝယ်ယူမယ့် အစီအစဉ်ကို ပရီးမီးယားလိဂ်ကလပ်အသင်းတွေအနေနဲ့ တားဆီးသင့်တယ်လို့ ပြောဆိုခဲ့ကြောင်းသိရပါတယ်။ လက်ရှိမှာ နယူးကာဆယ်အသင်းကို ဆော်ဒီမင်းသားဘင်ဆယ်လ်မန်က ဝယ်ယူဖို့ နီးစပ်နေတာဖြစ်ပြီး ပေါင်သန်း ၃၀၀ ခန့်နဲ့ အရောင်းအဝယ်ဖြစ်ဖွယ်ရှိနေပါတယ်။
Public Investment Fund (PIF) ဟာ နယူးကာဆယ်အသင်းရဲ့ ရှယ်ယာ ၈၀%ကို ဝယ်ယူသွားမှာဖြစ်ပြီး မိုက်အက်ရှ်လေရဲ့ ထိန်းချုပ်ထားမှုကို လက်လွှဲပြောင်းယူမှာလည်းဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ အလုံးစုံသဘောတူညီမှုမရရှိသေးပေမယ့် စရန်ငွေပေးချေထားပြီးပြီလို့ သိရပြီး အသေးစိတ်အချက်အလက်တွေ သဘောတူညီမှုရရှိတာနဲ့ အရောင်းအဝယ်ဖြစ်မြောက်သွားမှာဖြစ်ပါတယ်။
ရုပ်သံထုတ်လွှင့်ခွင့်အပိုင်းကို ဆော်ဒီမီဒီယာတွေက ဝင်ရောက်လာမယ့်အပေါ်မှာ beIN Sports က အဓိကအားဖြင့် စိုးရိမ်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဆော်ဒီရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ beoutQ ဟာ ပရီးမီးယားလိဂ်ပွဲတွေကို တရားမဝင်ခိုးယူပြသနေတဲ့ ရုပ်သံလိုင်းဖြစ်ပြီး အခြားအားကစားပွဲတွေကိုလည်း တိုက်ရိုက်ပြသနေတဲ့ ခိုးကူးချန်နယ်တစ်ခုအဖြစ်လူသိများနေတယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။
အဆိုပါရုပ်သံလိုင်းမျိုးတွေက ပရီးမီးယားလိဂ်ကို တရားဝင်ချုပ်ကိုင်လာမယ့်အပေါ် beIN Sports က ပူပန်နေပြီး အဆိုပါအားကစားရုပ်သံလိုင်းရဲ့CEO ဖြစ်သူ ယူဆတ်အိုဘိုင်ဒလီက "နယူးကာဆယ်ကို သူတို့ဝယ်ယူမယ့်အလားအလာက ပရီးမီးယားလိဂ်ရဲ့ အကျိုးအမြတ်တွေကို အကြီးအကျယ်ပျက်စီးစေလိမ့်မယ်" လို့ ကလပ်အသင်းဥက္ကဌတွေကို သတိပေးစာပေးပို့ခဲ့ကြောင်း သိရပါတယ်။
၂၀၁၈ ခုနှစ်တုန်းကတော့ ပရီးမီးယားလိဂ်က beoutQ ကို ဝေဖန်ရှုတ်ချခဲ့ပြီး အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကတို့မှာ ပရီးမီးယားလိဂ်ကိုတိုက်ရိုက်ထုတ်လွှင့်ပြသခွင့်ရှိတဲ့ တရားဝင်အားကစားလိုင်းအဖြစ် beIN Sports က ရပ်တည်နေကြောင်း အသိပေးစာထုတ်ပြန်ခဲ့ဖူးပါတယ်။ ဝေဖန်သုံးသပ်သူတချို့ကတော့ ကာတာအုပ်စုနဲ့ ဆော်ဒီအုပ်စုတို့ကြားမှာ ပရီးမီးယားလိဂ်ကို ထိန်းချုပ်ဖို့အတွက် လွန်ဆွဲမှုတွေစတင်လာတာဖြစ်တယ်လို့ ယူဆရကြောင်း ဆိုခဲ့ပါတယ်။