ယမန်နေ့ညက အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ နယူးပို့ကောင်တီနဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ယင်းပွဲအပြီးမှာ နည်းပြဂွါဒီယိုလာက ဒေးဗစ်ဆေးလ်ဗားရဲ့ စွမ်းဆောင်ရည်ကို လူငယ်ကစားသမား ဖီးလ်ဖိုဒန်နဲ့ နှိုင်းယှဉ်ပြီး ချီးကျူးခဲ့ပါတယ်။
မန်ချက်စတာစီးတီးအသင်းအတွက် သွင်းဂိုးတွေကို ဆာနေး၊ ဖီးလ်ဖိုဒန်၊ မာရက်ဇ်တို့က သွင်းယူပေးခဲ့တာဖြစ်ပြီး ပထမပိုင်းမှာ မန်စီးတီးအသင်းဟာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။
ဝါရင့်ကွင်းလယ်ဖန်တီးရှင် ဒေးဗစ်ဆေးလ်ဗားဟာ နယူးပို့ကောင်တီနဲ့ပွဲစဉ် ၈၂ မိနစ်အထိ ကစားပေးခဲ့ပြီး ၎င်းရဲ့ပရော်ဖက်ရှင်နယ်ပီသမှုအတွက် ချီးကျူးမှု ခံခဲ့ရတာဖြစ်ပါတယ်။
“မယုံကြည်နိုင်လောက်အောင်ပါပဲ”
“ဒေးဗစ်က အံ့အားသင့်စရာကစားသမားတစ်ယောက်ပါ။ သူ ဒီမှာ လိဂ် ၂ ကအသင်းကို အသက် ၁၈ သား ဖီးလ်ဖိုဒန်လိုမျိုးကို ကစားသွားခဲ့ပါတယ်”လို့ ဂွါဒီယိုလာက ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်ပွဲစဉ်အဖြစ် ရှော်ကေးအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက်ထပ် ၄ ရက်အကြာ တနင်္ဂနွေနေ့မှာ ချယ်ဆီးအသင်းနဲ့ လိဂ်ဖလားဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။