နယူးယော့ခ်မြို့ရဲ့ Central Park မှာ တစ်နာရီအတွင်း မိုးရေချိန် ၃.၁၅ လက်မ ရွာသွန်းခဲ့ပါတယ်

မုန်တိုင်းအိုင်ဒါကြောင့် အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ စံချိန်တင် မိုးသည်းထန်ပြီး ရုတ်တရက် ရေကြီးမှုတွေ ဖြစ်ပေါ်လာခဲ့ရာ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာထားကြောင်း သိရပါတယ်။

နယူးယော့ခ်မြို့ဟာ လမ်းမတွေပေါ်မှာ ဆိုးရွားပြင်းထန်တဲ့ ရေကြီးမှု၊ အန္တရာယ်ရှိအခြေအနေတွေနဲ့အတူ သမိုင်းဝင် မိုးလေဝသဖြစ်ရပ်ကို ကြုံတွေ့နေရတယ်လို့ မြို့တော်ဝန် Bill de Blasio က ပြောပါတယ်။ ဆိုရှယ်မီဒီယာမှာ တင်ထားကြတဲ့ မှတ်တမ်းတွေအရ မြေအောက်ရထားဘူတာရုံတွေနဲ့ လူနေအိမ်တွေထဲကို ရေများစီးဝင်နေပြီး လမ်းမများ ရေနစ်မြုပ်နေတာ တွေ့ရပါတယ်။



Photo: Reuters

ရေကြီးနေတဲ့ နယူးယော့ခ်မြို့ တစ်နေရာ

အတောအတွင်း အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့တဲ့ နယူးဂျာစီပြည်နယ်မှာလည်း အရေးပေါ်အခြေအနေ ကြေညာထားတယ်လို့ ဆိုပါတယ်။ နယူးဂျာစီပြည်နယ် Passaic မြို့မှ လူတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ထိုပြည်နယ်အတွင်း Mullica Hill ဒေသမှာ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အနည်းဆုံး နေအိမ် ၉ လုံး ပျက်စီးခဲ့ပါတယ်။

နယူးဂျာစီပြည်နယ် Kearny မြို့မှာ စာတိုက်အဆောက်အအုံတစ်ခုအတွင်း လူများရှိနေစဥ် အမိုးပြိုကျခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ကယ်ဆယ်ရေးဝန်ထမ်းတွေက ထိုနေရာသို့ ရောက်ရှိလာခဲ့ကြကြောင်းနဲ့ ထိခိုက်ဒဏ်ရာရသူ မည်မျှရှိနိုင်ကြောင်း အတိအကျ မသိရဘူးလို့ BBC သတင်းက ဖော်ပြပါတယ်။

အမေရိကန်မိုးလေဝသဌာန National Weather Service က ထုတ်ပြန်ချက်အရ နယူးယော့ခ်မြို့ရဲ့ Central Park မှာ တစ်နာရီအတွင်း မိုးရေချိန် ၃.၁၅ လက် (၈ စင်တီမီတာ) ရွာသွန်းခဲ့ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့က လူတွေက လမ်းပေါ်မထွက်ကြရန် တိုက်တွန်းထားပြီး မီးသတ်တပ်ဖွဲ့ကလည်း မြို့တစ်ဝန်းကနေ ဖုန်းခေါ်ဆိုမှုတွေ လက်ခံဖြေကြားနေရကြောင်း ပြောပါတယ်။ နယူးယော့ခ်နဲ့ နယူးဂျာစီမှာ ရေကြီးမှုတွေကြောင့် လူ ၄၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

မိုးသည်းထန် ရေကြီးမှုတွေကြောင့် နယူးယော့ခ်ရှိ မြေအောက်ရထားများ ရပ်နားထားပြီး နယူးယော့ခ်နဲ့ နယူးဂျာစီ အဝင်အထွက် ရထားဝန်ဆောင်မှုနဲ့ လေကြောင်းခရီးစဥ် အများအပြားကို ဆိုင်းငံ့ထားကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (ဩဂုတ် ၂၉ ရက်) က လူဝီစီးယားနားပြည်နယ်ကို ပြင်းအားအဆင့် ၄ ရှိ ဟာရီကိန်းမုန်တိုင်းအိုင်ဒါ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ထိုမုန်တိုင်းရဲ့အကြွင်းအကျန်တွေကြောင့် အမေရိကန် အရှေ့ပိုင်းမှာ ရာသီဥတု ဆိုးရွားနေခဲ့ပါတယ်။

လူဝီစီးယားနားပြည်နယ်မှာ နေအိမ် ထောင်နဲ့ချီ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေဆဲဖြစ်ပြီး နယူးအော်လန်းမြို့မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။ ရေကြီးမှုဖြစ်စေတဲ့ အကြောင်းရင်း အများအပြားရှိပေမဲ့ ရာသီဥတုပြောင်းလဲရာမှ ကမ္ဘာ့လေထု ပူနွေးလာခြင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုဟာ ရေကြီးမှုဖြစ်စေတဲ့အကြောင်းရင်း ပိုဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်တွေက ပြောထားပါတယ်။

Share

Loading Next Article...
က္က