မွန်းလွဲပိုင်း ဝတ်ပြုဆုတောင်းမှု ပြုလုပ်နေစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

နယူးဇီလန်နိုင်ငံ ခရစ်ချတ်မြို့ရှိ ဗလီနှစ်ခုမှာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး လူ ၄၉ သေဆုံးကာ အခြား ၂၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ဝန်ကြီးချုပ်ဂျက်စင်ဒါအာဒန်းက အတည်ပြုခဲ့ပါတယ်။ နယူးဇီလန်မှာ လုံခြုံရေးခြိမ်းခြောက်မှု အမြင့်ဆုံးအဆင့်အဖြစ်လည်း သတ်မှတ်လိုက်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

(ခရစ်ချတ်မြို့ရှိ Al Noor ဗလီ) (Photo: BBC)

ဒေသစံတော်ချိန် ယနေ့ (မတ်လ ၁၅ ရက်) မွန်းလွဲပိုင်းက ဗလီနှစ်ခုမှာ ဝတ်ပြုဆုတောင်းမှု ပြုလုပ်နေစဉ်အတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး အစွန်းရောက်များအဖြစ် ယူဆရတဲ့ အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ မိုက်ဘုရှ်က ပြောပါတယ်။

ဖမ်ဆီးထားသူတွေအနက် သြစြေးတလျနိုင်ငံသားတစ်ဦး ပါဝင်ကြောင်း သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရင်ဆင်က အတည်ပြုခဲ့ပါတယ်။ အဆိုပါ သြစတြေးလျနိုင်ငံသားဟာ လက်ယာစွန်းဝါဒီ အကြမ်းသမားတစ်ဦး ဖြစ်တယ်လို့လည်း စကော့်မော်ရင်ဆင်က ပြောခဲ့ပါတယ်။

(Photo: AP)

မျက်မြင်တွေက ဒေသခံမီဒီယာကို ပြောကြားမှုအရ ၎င်းတို့ဟာ အသက်လုပြီး ထွက်ပြေးခဲ့ရကြောင်းနဲ့ Al Noor ဗလီအပြင်ဘက် မြေပြင်ပေါ်မှာ သွေးသံရဲရဲနဲ့ လူတွေ လဲကျနေတာ တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ခရစ်ချတ်မြို့ Deans လမ်းမရှိ Al Noor ဗလီနဲ့ Linwood လမ်းမရှိ ဗလီတို့မှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အာဏာပိုင်တွေက နောက်ထပ် အသိပေးမှု မထုတ်ပြန်မချင်း ဗလီတွေကို မသွားကြရန် ဒေသခံတွေကို အကြံပြုထားတယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးနောက် ခရစ်ချတ်မြို့ရှိ စာသင်ကျောင်းအားလုံးကိုလည်း လုံခြုံရေးအရ အဝင်အထွက်မရှိစေရန် ကန့်သတ်ပိတ်ပင်ထားပါတယ်။

(Live ဗီဒီယိုမှာတွေ့ရသည့် ကားနောက်ခန်း မြင်ကွင်း) (Photo: TVNZ)

ဗလီထဲကို ဝင်ရောက်ပစ်ခတ်ခဲ့မှုကို ဗီဒီယိုရိုက်ကူးကာ အွန်လိုင်းမှာ Live လွှင့်ခဲ့ပါသေးတယ်။ အဆိုပါ Live ဗီဒီယိုထဲမှာ သေနတ်သမားက ဗလီအဆောက်အအုံဘေးရှိ လမ်းကြားမှာ ကားရပ်နားခဲ့ပြီး ကားနောက်ဖုံးကိုဖွင့်လိုက်ပြီး သေနတ်ရယူကာ ဗလီထဲကို ဝင်ရောက်သွားခဲ့ကာ ပစ်ခတ်ခဲ့မှုကို မြင်တွေ့ခဲ့ရပါတယ်။ ထို့နောက် လမ်းကြားမှာ ရပ်နားထားခဲ့တဲ့ ကားကိုမောင်းကာ ပြန်လည်ထွက်ခွာသွားခဲ့တာလည်း တွေ့ခဲ့ရပါတယ်။ ဗီဒီယိုဂိမ်းတစ်ခုအသွင် မြင်တွေ့ခဲ့ရတဲ့ အဆိုပါ Live ဗီဒီယို အစအဆုံးကို နောက်ပိုင်းမှာတော့ အွန်လိုင်းမှာ မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။

(Infographic: AFP)

ဗလီနှစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ဂျက်စင်ဒါအာဒန်းက အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုဖြစ်ကြောင်းနဲ့ နယူးဇီလန်ရဲ့ အမှောင်မိုက်ဆုံးနေ့ရက်တွေထဲက တစ်ရက်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။ ဒေသစံတော်ချိန် ယနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ဝန်းကျင်က ဗလီနှစ်ခုမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့သတင်းကို စတင်သိရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

(Live ထုတ်လွှင့်တဲ့ ဗီဒီယိုမှာ တွေရသည့် သေနတ်သမား) (Photo: AP)

"လက်ရှိ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်၊ လူတွေ စိုးရိမ်ပူပန်နေကြမယ်လို့ ကျွန်တော်တို့ နားလည်ပါတယ်၊ ဒါပေမဲ့ နယူးဇီလန်နိုင်ငံသားတွေကို ကျွန်တော်တို့ အာမခံနိုင်တာကတော့ ရဲတပ်ဖွဲ့က ဒီ ဖြစ်ရပ်ကို ကိုင်တွယ်ဖြေရှင်းဖို့ လုပ်ဆောင်နိုင်သမျှ အားလုံးကို လုပ်နေတယ်ဆိုတာပါပဲ" လို့ ရဲတပ်ဖွဲ့က Twitter မှာ ထုတ်ပြန်ပြောကြားထားပါတယ်။ ခရစ်ချတ်မြို့တွင်းရှိ ကားများမှာ တပ်ဆင်ထားတဲ့ ဖောက်ခွဲပစ္စည်းတွေကိုလည်း ရှင်းလင်းခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

(ဘင်္ဂလားဒေ့ရှ် ခရစ်ကတ်ကစားသမားများ) (Photo: @Isam84/Twitter)

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ Deans လမ်းမရှိ Masjid Al Noor ဗလီမှာ သောကြာနေ့ ဝတ်ပြုဆုတောင်းသူတွေနဲ့ ပြည့်နှက်နေခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရစ်ကတ်လက်ရွေးစင်းအသင်းသားတွေလည်း ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

"ခရစ်ကတ်ကစားသမားတွေ အန္တရာယ်ကင်းပါတယ်၊ ဒါပေမဲ့ သူတို့ စိတ်ပိုင်းဆိုင်ရာအရတော့ အတော်လေး တုန်လှုပ်ချောက်ချားသွားခဲ့ကြတယ်၊ သူတို့ကို အဝင်အထွက် ကန့်သတ်ထားတဲ့ ဟိုတယ်ထဲမှာပဲ နေကြဖို့ ပြောထားပါတယ်" လို့ ဘင်္ဂလားဒေ့ရှ် ခရစ်ကတ်အဖွဲ့ချုပ်မှ ပြောခွင့်ရအမျိုးသား ဂျလားယူနွတ်စ်က AFP သတင်းဌာနကို ပြောပါတယ်။ 


Share

Loading Next Article...
က္က