နယူးဇီလန်မှ တရုတ်နိုင်ငံသို့ ပျံသန်းလာခဲ့တဲ့ ခရီးသည်တင်လေယာဉ်တစ်စီးဟာ လေထဲမှာ ၅ နာရီကြာခဲ့ပြီးနောက် တရုတ်မှာ ဆင်းသက်ခွင့်မရမှုကြောင့် နောက်ကြောင်းပြန်လှည့်ခဲ့ရတယ်လို့ သိရပါတယ်။
(နယူးဇီလန်လေကြောင်းလိုင်း လေယာဉ်တစ်စီး) (Photo: AFP)
နယူးဇီလန်ကြောင်းလိုင်း (Air News Zealand) မှ ခရီးသည်တင်လေယာဉ်ဟာ အုတ်ကလန်မြို့ကနေ ရှန်ဟိုင်းမြို့ကို ပျံသန်းလာခဲ့တာဖြစ်ပြီး ဆင်းသက်ခွင့်မရဘဲ ပြန်လှည့်ခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ခရီးသည် ၂၇၀ လိုက်ပါလာတဲ့ လေကြောင်းခရီးစဉ် NZ289 လေယာဉ်ဟာ စနေနေ့ (ဖေဖေါ်ဝါရီ ၉ ရက်) သန်းခေါင်ယံမတိုင်မီမှာ အုတ်ကလန်မြို့ကနေ ထွက်ခွာလာခဲ့ပြီးနောက် ယနေ့ (ဖေဖေါ်ဝါရီ ၁၀ ရက်) မနက် ၁၀ နာရီဝန်းကျင်မှာ နောက်ကြောင်းပြန်လှည့်သွားခဲ့ရတာ ဖြစ်ပါတယ်။ တရုတ်မှာ ဆင်းသက်ခွင့်မပြုတာကြောင့် ပြန်လှည့်ရမယ်လို့ လေယာဉ်မှူးက အသိပေးခဲ့ကြောင်း ခရီးသည်တွေက ပြောပါတယ်။
(ရှန်ဟိုင်းမြို့မြင်ကွင်းတစ်ခု) (Photo: LEK)
"ကျွန်တော်တို့ လေကြောင်းခရီးစဉ် လမ်းခုလတ်မှာပဲ တရုတ်အာဏာပိုင်တွေက ဒီလေယာဉ်ကို ဆင်းသက်ခွင့်မပြုခဲ့ဘူးဆိုတာ လေယာဉ်မှူးက အသိပေးခဲ့ပါတယ်၊ ဒါကြောင့် ကျွန်တော်တို့လေယာဉ် နောက်ပြန်လှည့်ခဲ့ရပါတယ်" လို့ ခရီးသည်တစ်ဦးဖြစ်သူ အဲရစ်ဟွန်ဒ်မန်းက New Zealand Herald သတင်းဌာနကို ပြောခဲ့ပါတယ်။
"တစ်ကယ်လို့သာ ရှန်ဟိုင်းမှာဆင်းသက်ခွင့် မသေချာတဲ့ ခရီးသည်အပြည့်နဲ့ လေယာဉ်တစ်စီးကို နယူးဇီလန်လေကြောင်းလိုင်းက ပျံသန်းခွင့်ပြုခဲ့တာဆိုရင် ကျွန်တော် အံ့သြလွန်းလို့ပါ" လို့ New York University Shanghai မှ လက်ထောက်ပါမောက္ခဖြစ်သူ ခရီးသည်က ဖွင့်ဟခဲ့ပါတယ်။
(နယူးဇီလန်လေကြောင်းလိုင်း လေယာဉ်တစ်စီး) (Photo: Reuters)
အုတ်ကလန်မြို့ကို ပြန်လှည့်လာခဲ့ပြီးနောက် အဆိုပါ လေကြောင်းခရီးစဉ်ကို ပြန်လည်စီစဉ်ခဲ့ကြောင်းနဲ့ ယနေ့ညမှာ ထွက်ခွာမယ်လို့ လေကြောင်းလိုင်းက ခရီးသည်များထံ အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီ Reuters သတင်းဌာနက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ မှတ်ချက်တစ်စုံတရာ ပေးခဲ့ခြင်းမရှိပါဘူး။
Reuters က မြို့ပြလေကြောင်းစီမံခန့်ခွဲမှုအဖွဲ့ကို ဖုန်းဆက်သွယ်ခဲ့ပေမဲ့ ပြန်လည် ဖုန်းမကိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ နယူးဇီလန်လေကြောင်းလိုင်းက ယခုဖြစ်ရပ်အတွက် ခရီးသည်တွေကို တောင်းပန်းခဲပြီး အထူးဝန်ဆောင်မှုနဲ့အတူ ရှန်ဟိုင်းကို ယနေ့ည ၁၁ နာရီမှာ လေယာဉ်ခရီးစဉ် စီစဉ်ပေးထားကြောင်း ပြောခဲ့ပါတယ်။
(အုတ်ကလန်မြို့မြင်ကွင်းတစ်ခု) (Photo: Stuff)
"ဒီအခြေအနေကြောင့် ခရီးသည်တွေ အဆင်မပြေဖြစ်ပြီး စိတ်ပျက်ရတာကို ကျွန်တော်တို့ သိပါတယ်၊ ခရီးသည်တွေရဲ့ ခရီးအစီအစဉ်တွေပျက်ကုန်ရတဲ့အတွက် ကျွန်တော်တို့ အလွန်ဝမ်းနည်းပါတယ်" လို့ လေကြောင်းလိုင်းက ဆိုပါတယ်။ ယမန်နှစ် သြဂုတ်လ ၂၄ ရက်မှာလည်း တရုတ်ကိုပျံသန်းတဲ့ အဆိုပါ NZ289 လေကြောင်းခရီးစဉ်ဟာ နောက်ကြောင်းပြန်လှည့်ခဲ့ရဖူးပါတယ်။ ထိုစဉ်ကတော့ စက်ပိုင်းဆိုင်ရာကိစ္စကြောင့်ဖြစ်ကြောင်းနဲ့ ဆင်းသက်ခွင့်ကိစ္စ မဟုတ်ကြောင်း လေကြောင်လိုင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။