နယူးဇီလန်နိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လေ့ရှိကြတဲ့ ပုဂ္ဂလိကပိုင် အဖြူရောင်ကျွန်းမီးတောင် ပေါက်ကွဲမှုအတွင်း လူရှစ်ဦး သေဆုံးခဲ့ကြောင်းနဲ့ နောက်ထပ် လူရှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။
(လူအချို့ကို ကယ်တင်လာစဥ်) (Photo: Reuters)
ဆေးရုံမှာ ကုသမှုခံယူနေသူ နှစ်ဦး သေဆုံးသွားခဲပြီးနောက် စုစုပေါင်း သေဆုံးသူအရေအတွက် ရှစ်ဦးအထိ မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ ပျောက်ဆုံးနေသူ ကိုးဦးဟာလည်း သေဆုံးခဲ့ပြီလို့ ယူဆရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီဇင်ဘာ ၉ ရက်က ဖြစ်ပွားခဲ့တဲ့ အဖြူရောင်ကျွန်း (White Island) မီးတောင်ပေါက်ကွဲမှုအတွင်း ပြင်းထန်တဲ့ လောင်ကျွမ်းဒဏ်ရာရခဲ့သူ ၂၀ ဦးဟာ ဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေရဆဲ ဖြစ်ပါတယ်။
ဒဏ်ရာရသူ နောက်ထပ်ငါးဦးကိုတော့ ဩစတြေးလျသို့ ရွှေ့ပြောင်းခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။ လေယာဥ်ဖြင့် ပျံသန်းစစ်ဆေးမှုတွေအရ ကျွန်းပေါ်မှာ အသက်ရှင်ကျန်နေသူ မရှိနိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားခဲ့ရာ အဖြူရောင်ကျွန်း မီးတောင်ပေါက်ကွဲမှုအတွင်း လူ ၁၆ ဦး သေဆုံးခဲ့တယ်လို့ ယူဆနိုင်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။
(ဒီဇင်ဘာ ၁၀ ရက် မနက်ပိုင်းမှာတွေ့ရသည့် မီးတောင်) (Photo: Getty Images)
မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့စဥ်က ကျွန်းပေါ်မှာ ဩစတြေးလျ၊ အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ မလေးရှားတို့မှ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ နယူးဇီလန် ဧည့်လမ်းညွှန်တွေ အပါအဝင် လူ ၄၇ ဦး ရှိနေခဲ့ကြတယ်လို့ ဆိုပါတယ်။ အဖြူရောင်ကျွန်း မီးတောင်ဟာ ယမန်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၁၁ မိနစ်ဝန်းကျင်မှာ ပေါက်ကွဲခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။
မီးတောင်ပေါက်ကွဲပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရန် အခြေအနေဟာ အန္တရာယ်များလွန်းတာကြောင့် ကယ်ဆယ်ရေးသမားတွေ ကျွန်းပေါ်ကို မသွားရောက်နိုင်ခဲ့ကြပါဘူး။ ဝါကာရီ (Whakaari) လို့လည်း သိထားကြတဲ့ အဖြူရောင်ကျွန်း မီးတောင်ဟာ နယူးဇီလန်ရှိ သက်ဝင်လှုပ်ရှားမှုအရှိဆုံး မီးတောင်များအနက် တစ်ခုအပါအဝင် ဖြစ်ပါတယ်။