နယူးဇီလန်နိုင်ငံ ခရစ်ချတ်မြို့ရှိ ဗလီနှစ်ခုမှာ မွတ်စလင်မ်ဝတ်ပြုဆုတောင်းသူ ၅၁ ဦးကို ပစ်သတ်ခဲ့တဲ့ အမျိုးသားကို ပြစ်ဒဏ်မစေ့မီ ခံဝန်ဖြင့် လွတ်ငြိမ်းခွင့်မရှိတဲ့ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရပါတယ်။
(ခရစ်ချတ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများ) (Photo: BBC)
ထိုဖြစ်ရပ်ဟာ နယူးဇီလန်မှာ လူသေဆုံးမှုအများဆုံး ပစ်ခတ်မှုဖြစ်ခဲ့ပြီး အကြမ်းဖက်ပစ်ခတ်ခဲ့တဲ့ သေနတ်သမားကို ယနေ့ (ဩဂုတ် ၂၇ ရက်) ချမှတ်လိုက်တဲ့ ပြစ်ဒဏ်မျိုးကိုလည်း ပထမဆုံးအကြိမ် ချမှတ်လိုက်ခြင်း ဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် ဩစတြေးလျလူမျိုး ဘရန်တန်တာရန့် (Brenton Tarrant) က ၂၀၁၉ ခုနှစ်အတွင်း ခရစ်ချတ်မြို့ရှိ ဗလီနှစ်ခုမှာ ရမ်းကားပစ်ခတ်မှု ဖြစ်စဥ်အတွင်း လူသတ်မှု ၅၁ မှု၊ လူသတ်ရန်ကြိုးပမ်းမှု ၄၀ မှုနဲ့ အကြမ်းဖက်တစ်ခုတို့ ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
(တရားရုံးမှာတွေ့ရသည့် တရားခံ ဘရန်တန်) (Photo: EPA-EFE)
ဘရန်တန်က လူတွေကို ပစ်သတ်နေစဥ် Facebook မှာ live လွှင့်ခဲ့ရာ တစ်ကမ္ဘာလုံး တုန်လှုပ်အံ့ဩခဲ့ကြရပါတယ်။ နယူးဇီလန်တရားရုံးချုပ် တရားသူကြီး ကင်မရွန်းမန်ဒါက အကန့်အသတ်ရှိတဲ့ ထောင်ဒဏ်ဟာ ယခုပြစ်မှုအတွက် လုံလောက်မှုမရှိဘူးလို့ ဆိုပါတယ်။ တရားခံရဲ့လုပ်ရပ်ဟာ လူမဆန်ကြောင်းနဲ့ ကရုဏာစိတ်ကင်းမဲ့ကြောင်း တရားသူကြီးက ပြောဆိုခဲ့ပါတယ်။
(တရားသူကြီး ကင်မရွန်းမန်ဒါ) (Photo: Reuters)
တရားရုံးကြားနာစစ်ဆေးမှုတွေအရ ဘရန်တန်ဟာ နယူးဇီလန်ကို ၂၀၁၇ ခုနှစ်မှာ ရောက်ရှိလာခဲ့ပြီးနောက် ခရစ်ချတ်မြို့တောင်ဘက် ၂၂၄ မိုင်အကွာရှိ Dunedin မြို့မှာ အခြေချနေထိုင်ကာ စွမ်းအားမြင့် သေနတ်များနဲ့ ကျည်ဆန်အရေအတွက် ၇,၀၀၀ ကျော် ဝယ်ယူစုဆောင်ထားခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်တိုက်ခိုက်မှု မကျူးလွန်မီ နှစ်လအလိုမှာ ၎င်းဟာ ခရစ်ချတ်မြို့ကို လာရောက်ခဲ့ပြီး Al Noor ဗလီပေါ်မှာ ဒရုန်းလွှတ်တင်ပျံသန်းကာ ဝင်ပေါက်နဲ့ ထွက်ပေါက်များ အပါအဝင် မြေပြင်အခြေအနေနဲ့ အဆောက်အအုံတွေကို ဗီဒီယိုရိုက်ခဲ့ပါတယ်။ ထို့အတူ ပစ်မှတ်ထားတဲ့ ဗလီနှစ်ခုကြား သွားလာနိုင်တဲ့ လမ်းကြောင်းအသေးစိတ်ကိုလည်း မှတ်သားထားခဲ့တယ်လို့ ဆိုပါတယ်။
(သေဆုံးခဲ့သူတို့၏ မိသားစုဝင်အချို့) (Photo: Reuters)
ထို့နောက် ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့မှာ ဘရန်တန်ဟာ Dunedin မြို့ နေရပ်လိပ်စာကနေ ထွက်ခွာလာခဲ့ပြီး ခရစ်ချတ်မြို့သို့ သေနတ်များ၊ ကျည်ဆန်ဖြည့်ထားပြီးသား ကျည်ကပ်များနဲ့အတူ ရောက်ရှိလာခဲ့ပါတယ်။ ၎င်းရဲ့ ဦးထုပ်နေရာမှာ ကင်မရာတပ်ဆင်ပြီး ပစ်ခတ်တိုက်ခိုက်မှုကို ဗီဒီယိုမှတ်တမ်းတင် ရိုက်ကူးကာ Facebook မှာ live လွှင့်ရန်လည်း ကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်။
ဘရန်တန်ဟာ Al Noor ဗလီကို အကြမ်းဖက် ဝင်ရောက်ပစ်ခတ်ရန် မိနစ်ပိုင်းမျှအလိုမှာ စာမျက်နှာ ၇၅ မျက်နှာပါ ၎င်းရဲ့ အစွန်းရောက် ကြေညာစာတမ်းကို အစွန်းရောက်ဝက်ဘ်ဆိုက်တစ်ခုသို့ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ ဘရန်တန်က ၎င်းလုပ်ဆောင်မယ့်ကိစ္စကို မိသားစုထံသို့ အသိပေးခဲ့ပြီး ဗလီတွေကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ပြောဆိုမှုပါဝင်တဲ့ အီးလ်မေးတွေကိုလည်း သတင်းဌာန အများအပြားသို့ ပေးပို့ခဲ့ကြောင်း သိရပါတယ်။
Source: Reuters, CNA, Washington Post, Al Jazeera