မြေဧက ၅,၇၀၀ နီးပါး လောင်ကျွမ်းသွားခဲ့ပါတယ်။

နယူးဇီလန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ တောမီးလောင်မှုဟာ ရက်သတ္တပတ်များကြာအောင် ဆက်လက် လောင်ကျွမ်းနေမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ သို့သော် တောမီးလောင်မှုဟာ လူနေဒေသတွေကနေ ဝေးတဲ့နေရာကို ကူးစက်ရွေ့လျားသွားကြောင်းနဲ့ ဒေသခံများ မကြာမီမှာ နေအိမ်ပြန်နိုင်မယ်လို့ မျှော်လင့်ရကြောင်း မီးသတ်သမားတွေက ယနေ့ (ဖေဖေါ်ဝါရီ ၁၁ ရက်) ပြောပါတယ်။

(Photo: AFP)

တောမီးလောင်မှုကြောင့် တောင်ပိုင်းကျွန်း (South Island) ရှိ Nelson မြို့အပြင်ဘက် Wakefield မြို့မှ ဒေသခံ ၃,၀၀၀ ခန့် စနေနေ့ (ဖေဖေါ်ဝါရီ ၉ ရက်) က ရွှေ့ပြောင်းခဲ့ရပါတယ်။ တောမီးများဟာ ၎င်းတို့နေအိမ်တွေနဲ့ ၁.၂ မိုင်မျှ အကွာအဝေးအထိ ကူးစက်လောင်ကျွမ်းလာခဲ့မှုကြောင့် ရွှေ့ပြောင်းကြရန် အာဏာပိုင်တွေက ညွှန်ကြားခဲ့တာလည်းဖြစ်ပါတယ်။

တောမီးလောင်မှုဟာ ပြီးခဲ့တဲ့ သီတင်းပတ်အစောပိုင်းမှာ စတင်ခဲ့ပြီး ယနေ့မနက်အစောပိုင်းအထိ မြေဧက ၅,၇၀၀ နီးပါး လောင်ကျွမ်းသွားခဲ့ပါတယ်။ ယခုအခါ အခြေအနေကောင်းလာပြီး ဖြစ်ပေမဲ့ တောမီးလောင်မှုဟာ မခန့်မှန်းနိုင်တဲ့ အနေအထားဖြင့် ဆက်လက် လောင်နေဆဲဖြစ်ပြီး တောမီးကို ထိန်းချုပ်နိုင်ပြီလို့ပြောရန် စောလွန်းနေသေးကြောင်း မီးသတ်တပ်ဖွဲ့အကြီးအကဲ John Sutton က ပြောခဲ့ပါတယ်။

(Photo: AFP)

"အပူရှိန်က အတော်ပြင်းနေတုန်းပဲ၊ အဲဒီမှာ တောမီး မလောင်သေးတဲ့ နေရာတွေ အများကြီးရှိနေတယ်၊ ဒါကြောင့် တောမီးလောင်မှု အခြေအနေ လျော့ကျပြောင်းလဲသွားပေမဲ့လည်း မီးသတ်သမားတွေကတော့ လာမယ့် မတ်လထဲအထိ ဒီတောမီးကို ငြှိမ်းသတ်သွားရပါမယ်" လို့ ၎င်းကဆိုပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေက Wakefield မြို့ခံတွေက အစောဆုံးအနေဖြင့် ယနေ့ညနေပိုင်းမှာ နေအိမ်ပြန်နိုင်မယ်လို့ ပြောထားပါတယ်။ သို့သော် တောမီးလောင်မှုတွေ ဆက်လက် ဖြစ်ပွားနေတဲ့ အဆိုပါ ဧရိယာကိုတော့ အရေးပေါ် အခြေအနေ ထုတ်ပြန်ထားဆဲဖြစ်ပါတယ်။

(Photo: @STForeignDesk/Twitter)

"နေအိမ်ပြန်ကြမယ့် ဒေသခံတွေအနေနဲ့ တောမီးလောင်မှု အခြေအနေတွေ အပြောင်းအလဲဖြစ်လာခဲ့ရင် နောက်တစ်ကြိမ် ထပ်မံရွှေ့ပြောင်းဖို့အတွက် ပြင်ဆင်ထားရမယ်ကိစ္စကို နားလည်လက်ခံဖို့ လိုအပ်ပါတယ်" လို့ ပြည်သူ့ကာကွယ်ရေးဌာနမှ ဒေသဆိုင်ရာ အကြီးအကဲ Roger Ball က ပြောခဲ့ပါတယ်။ နယူးဇီလန်မှာ ဖြစ်ပွားနေတဲ့ ယခု တောမီးလောင်မှုဟာ လယ်ယာလုပ်ငန်းသုံး ပစ္စည်းကိရိယာကနေ မတော်တဆမှုကြောင့် စတင်လောင်ကျွမ်းခဲ့တယ်လို့ ယုံကြည်ရတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် တောမီးလောင်မှုနေတဲ့ ဧရိယာအတွင်း အသေးစား မီးလောင်မှုနှစ်ခုလည်း ဖြစ်ပွားခဲ့သေးပြီး ရဲတပ်ဖွဲ့က အဆိုပါ မီးလောင်မှုတွေဟာ ရှို့မီးဖြစ်တယ်လို့ ပြောထားပါတယ်။ တောမီးလောင်မှုကြောင့် နေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်းနဲ့ သေဆုံးဒဏ်ရာရမှု သတင်းတွေမရှိကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က