ပုံမှန်အတိုင်း ယာဥ်အသွားအလာ ရပ်တန့်စစ်ဆေးမှု လုပ်ဆောင်နေစဥ် ပစ်ခတ်ခံခဲ့ရပါတယ်။

နယူးဇီလန်နိုင်ငံ အုတ်ကလန်မြို့မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့မှုအတွင်း ရဲအရာရှိတစ်ဦး သေဆုံးခဲ့ပြီး နောက်တစ်ဦး ဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

(Photo: NZ Herald)

နေ့ (ဇွန် ၁၉ ရက်) မနက်ပိုင်းက ပုံမှန်အတိုင်း ယာဥ်အသွားအလာ ရပ်တန့်စစ်ဆေးမှု လုပ်ဆောင်နေစဥ် လူတစ်ဦးက ရဲအရာရှိတွေကို စတင်ပစ်ခတ်ခဲ့ပြီးနောက် မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အဆိုအရ သံသယရှိသူက ၎င်းရဲ့ကားကို မောင်းနှင်ထွက်ပြေးစဥ် ဘေးမှရပ်ကြည့်နေသူတစ်ဦးကို တိုက်သွားခဲ့ပြီး ဒဏ်ရာရခဲ့ကြောင်းလည်း သိရပါတယ်။



ရဲတွေကို သေနတ်ဖြင့် ပစ်ခတ်သွားသူရဲ့ကားကို လမ်းဘေးချပြီး ရပ်တန့်စေခဲ့ချိန်မှာ မူမမှန်တဲ့ပုံစံမျိုး မတွေ့ခဲ့ရဘူးလို့ ရဲမင်းကြီး Andrew Coster ပြောပါတယ်။ နောက်ပိုင်းမှာတော့ ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သွားတဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရှာဖွေဖမ်းဆီးခဲ့ပြီး လူသတ်မှုအပါအဝင် စွဲချက်များတင်ခဲပါတယ်။ ၎င်းကို စနေနေ့ (ဇွန် ၂၀ ရက်) မှာ တရားရုံးထုတ်သွားမယ်လို့ မျှော်လင့်ရပါတယ်။

(Photo: Getty Images)

ပစ်ခတ်မှုဖြစ်ပွားစဥ် ရဲအရာရှိတွေက သေနတ်ကိုင်ဆောင်ထားခြင်း မရှိခဲ့ဘူးလို့ ၎င်းကဆိုပါတယ်။ နယူးဇီလန်ရဲတပ်ဖွဲ့ဟာ ပုံမှန်အားဖြင့် သေနတ်များ ကိုင်ဆောင်ထားလေ့မရှိဘဲ ၎င်းတို့ရဲ့ ကားထဲမှာထားလေ့ရှိပါတယ်။ "ဒါက ထိတ်လန့်တုန်လှုပ်စရာ အခြေအနေပါပဲ၊ ရဲတပ်ဖွဲ့နဲ့ သူတို့ရဲ့ မိသားစုတွေအတွက် အဆိုးဆုံးသတင်း ဖြစ်ပါတယ်" လို့ ရဲမင်းကြီးက မီဒီယာကို ပြောပါတယ်။

ပစ်ခတ်မှုအတွင်း ဒဏ်ရာရခဲ့တဲ့ ရဲအရာရှိဟာ ဒဏ်ရာပြင်းထန်ကြောင်းနဲ့ ဆေးရုံမှာ ကုသမှုခံယူနေရကြောင်း သိရပါတယ်။ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ နေရာကို ပိတ်ဆို့ထားပြီး ထိုနေရာတစ်ဝိုက်ရှိ ကျောင်းတွေကို အဝင်အထွက် ပိတ်ထားရန် ညွှန်ကြားထားခဲ့ပါတယ်။ ယခု သတင်းဟာ အလွန်ဝမ်းနည်းစရာဖြစ်ကြောင်း နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်းက ပြောပါတယ်။

(Photo: The Guardian video screengrab)

"ရဲအရာရှိတစ်ယောက်ကို ဆုံးရှုံးရတာက ကျွန်မတို့အားလုံးအတွက် အလုပ်လုပ်နေသူတစ်ဦးကို ဆုံးရှုံးရတာပါပဲ၊ ဒါပေမဲ့ မိသားစုဝင်တစ်ဦး၊ တစ်စုံတစ်ယောက်ရဲ့ ချစ်ခင်သူတစ်ဦးနဲ့ သူငယ်ချင်းကို ဆုံးရှုံးရတာလည်း ဖြစ်ပါတယ်" လို့ သူမရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ နယူးဇီလန်နိုင်ငံမှာ သေနတ်ဖြင့် ရာဇဝတ်မှုကျူးလွန်တဲ့ဖြစ်ရပ် ဖြစ်ပွားမှုရှားပါတယ်။

ဒါ့အပြင် ယမန်နှစ်အတွင်းက ခရစ်ချတ်မြို့မှာ မွတ်စလင်မ်ဝတ်ပြုသူ ၅၁ ဦးကို သေနတ်သမားတစ်ဦးက စ်သတ်ခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်ဆောင်မှု ဥပဒေတွေကိုလည်း နှစ်ကြိမ်တိုင် ပြင်ဆင်တင်းကြပ်ထားခဲ့ပါတယ်။ ခရစ်ချတ်မြို့ ပစ်ခတ်မှုဟာ နယူးဇီလန်မှာ အဆိုးရွားဆုံး လူအစုအပြုံလိုက်ကို ပစ်ခတ်မှုလည်း ဖြစ်ခဲ့ပါတယ်။ နယူးဇီလန်မှာ လူဦးရေ ၅ သန်းနီးပါးရှိပြီး ယနေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အုတ်ကလန်မြို့ဟာ နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်ပြီး လူဦးရေ ၁.၇ သန်း နေထိုင်ကြကြောင်း Rueters သတင်းက ဖော်ပြပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က