ပေါက်ကွဲမှုမဖြစ်မီ ခရီးသွား ၅၀ ဝန်းကျင် မီးတောင်ဝနေရာမှာ ရှိနေခဲ့ကြတယ်လို့ ဆိုပါတယ်။

နယူးဇီလန်နိုင်ငံ အဖြူရောင်ကျွန်းမီးတောင် ရုတ်တရက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူငါးဦးထက်မနည်း သေဆုံးပြီး အခြား လူ ၂၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

ယနေ့ (ဒီဇင်ဘာ ၉ ရက်) ဖြစ်ပွားခဲ့တဲ့ မီးတောင်ပေါက်ကွဲမှုအတွင်း လူအချို့ ပျောက်ဆုံးနေကြောင်းလည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ မီးတောင် ရုတ်တရက် ပေါက်ကွဲမှုမဖြစ်မီ ခရီးသွား ၅၀ ဝန်းကျင် မီးတောင်ဝနေရာမှာ ရှိနေခဲ့ကြတယ်လို့ ဆိုပါတယ်။


မီးတောင်ပေါက်ကွဲမှုဖြစ်ပြီးနောက် လူ ၂၃ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ သို့သော် အန္တရာယ်ရှိတဲ့ အခြေအနေကြောင့် ကယ်ဆယ်ရေးလုပ်ဆောင်ရာမှာ နှောင့်နှေးစေခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဝါကာရီ (Whakaari) လို့လည်း သိထားကြတဲ့ အဖြူရောင်ကျွန်း (White Island) မီးတောင်ဟာ နယူးဇီလန်ရှိ သက်ဝင်လှုပ်ရှားမှုအရှိဆုံး မီးတောင်များအနက် တစ်ခုအပါအဝင် ဖြစ်ပါတယ်။

သို့သော် ပုဂ္ဂလိကပိုင် ကျွန်းပေါ်ရှိ အဆိုပါ မီးတောင်ဟာ ကမ္ဘာလှည့်ခရီးသည်များ လာရောက်လေ့ရှိတဲ့ နေရာတစ်ခုအဖြစ် ထင်ရှားပါတယ်။ ရဲတပ်ဖွဲ့သတင်းစာရှင်းလင်းပွဲမှာ လက်ထောက်ရဲမင်းကြီး ဂျွန်တင်မ်စ်က ပြောကြားမှုအရ အန္တရာယ်ရှိတဲ့ အခြေအနေတွေကြောင့် အရေးပေါ် ကယ်ဆယ်ရေးလုပ်ရန် ကျွန်းသို့မသွားနိုင် ဖြစ်နေတယ်လို့ ဆိုပါတယ်။

ထိုအခြေအနေကြောင့် ကျွန်းပေါ်မှာ လူဦးရေ မည်မျှကျန်ရှိနေသေးကြောင်း အတိအကျ မသိနိုင်သေးဘဲ နယူးဇီလန်နိုင်ငံသားတွေနဲ့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တွေ ပါဝင်တယ်လို့ ယုံကြည်ရကြောင်း လက်ထောက်ရဲမင်းကြီးက ပြောပါတယ်။ အဖြူရောင်ကျွန်း မီးတောင်ဟာ ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၁၁ မိနစ်ဝန်းကျင်မှာ ပေါက်ကွဲခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။

"ဒီနေ့ အစောပိုင်းက ကျွန်းပေါ်ကနေ ကယ်ဆယ်လာခဲ့သူတွေထဲက ငါးယောက် သေဆုံးခဲ့ပါတယ်၊ ကျွန်းပေါ်မှာ လူတွေကျန်နေပါသေးတယ်၊ ဒီအခြေအနေက ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေအတွက် ကျွန်းကိုသွားဖို့ အရမ်းအန္တရာယ်များနေပါတယ်၊ ကျွန်းက လက်ရှိမှာ မီးတောင်ပြာတွေ ဖုံးလွှမ်းနေပါတယ်" လို့ ဂျွန်တင်မ်စ်က ပြောပါတယ်။

ကျွန်းကို မည်သည့်အချိန်မှာ သွားရောက်နိုင်မယ်လို့ အတိအကျ မပြောနိုင်သေးပေမဲ့ ပြန်သွားရန် အရေးကြီးကြောင်းလည်း ၎င်းကဆိုပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ပြောကြားမှုအရ လက်ရှိအချိန်မှာ အဖြူရောင်ကျွန်းပေါ်မှ တစ်စုံတစ်ဦးနဲ့မျှ အဆက်အသွယ်မရကြောင်းလည်း သိရပါတယ်။ နောက်ဆက်တွဲ သတင်းတွေအရ အဖြူရောင်ကျွန်းမီးတောင်ပေါ်ကနေ လေယာဥ်ဖြင့် ပျံသန်းစစ်ဆေးခဲ့ရာ ကျွန်းပေါ်မျာ အသက်ရှင်ကျန်နေသူ မရှိနိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။




Share

Loading Next Article...
က္က