နယူးဇီလန်နိုင်ငံမှာ ယနေ့ (မေ ၂၅ ရက်) မနက်အစောပိုင်းက ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ရာ အဆောက်အအုံများ လှုပ်ရမ်းသွားခဲ့ကြောင်းနဲ့ ထိခိုက်ပျက်စီးမှုသတင်းတွေ လတ်တလော မရှိသေးဘူးလို့ ဆိုပါတယ်။
(Photo: AAP Image)
ပြင်းအား ရစ်ချ်စတာစကေး ၅.၈ အဆင့်ရှိ ငလျင်ဟာ ယနေ့ ဒေသစံတော်ချိန် မနက် ၈ နာရီမတိုင်မီ နယူးဇီလန် မြောက်ပိုင်းကျွန်း (North Island) ရှိ လီဗင်မြို့ (Levin) ရဲ့ အနောက်မြောက်ဘက် ၁၉ မိုင်အကွာ မြေအောက်အနက် ၂၃ မိုင်မှာ ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း ငလျင်စောင့်ကြည့်ဝက်ဘ်ဆိုက် Geonet က ဖော်ပြထားပါတယ်။ လီဗင်မြို့ဟာ နယူးဇီလန်မြို့တော် ဝယ်လင်တန်မြို့နဲ့ နီးကပ်တဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။
ငလျင်လှုပ်မှုကြောင့် ဝယ်လင်တန်မြို့ရှိ ရုံးခန်းများနဲ့ နေအိမ်များရှိ လူအချို့ စားပွဲခုံများအောက်သို့ ဝင်နေခဲ့ကြတယ်လို့ ဆိုပါတယ်။ ငလျင်လှုပ်မှုကြောင့် ရုပ်မြင်သံကြားမှတစ်ဆင့် တိုက်ရိုက်အင်တာဗျူး ပြုလုပ်နေခဲ့တဲ့ ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်း ရောက်ရှိနေရာ လွှတ်တော်အဆောက်အအုံ လှုပ်ရမ်းသွားခဲ့ပြီး ဝန်ကြီးချုပ်လည်း သတိပြု သိရှိခဲ့ပုံကို ရုပ်သံထုတ်လွှင့်မှုမှာ တွေ့ခဲ့ရပါတယ်။
(Photo: Nweshub/The AM show)
ထို့နောက် ဝန်ကြီးချုပ်အာဒန်းက Newshub သတင်းဌာနဲ့ AM show အစီအစဥ်ကို ဆက်လုပ်နေခဲ့ပြီး "ဒီမှာ နည်းနည်းလှုပ်သွားတယ်၊ ကျွန်မ အနောက်ဘက်က အရာဝတ္တုတွေ ရွေ့နေတာများ မြင်လိုက်ကြလား" လို့ ပြောခဲ့ပါသေးတယ်။
နယူးဇီလန်နိုင်ငံဟာ ငလျင်လှုပ်မှုတွေ အဖြစ်များတဲ့ "ပစိဖိတ်မီးကွင်း (Pacific Ring of Fire)" နေရာမှာ တည်ရှိနေပြီး တစ်နှစ်လျှင် ငလျင်လှုပ်မှု အကြိမ်ရေ ၂၀,၀၀၀ ဖြစ်လေ့ရှိပြီး အများစုကတော့ အလွန်သေးငယ်တဲ့ ငလျင်များဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်က နယူးဇီလန်နိုင်ငံ ခရစ်ချတ်ချ်မြို့ (Christchurch) မှာ လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၆.၃ အဆင့်ရှိ ငလျင်ကြောင့် လူ ၁၈၅ ဦး သေဆုံးပြီး ထိခိုက်ပျက်စီးမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့ဖူးပါတယ်။
၂၀၁၆ ခုနှစ်ကလည်း နယူးဇီလန် တောင်ပိုင်းကျွန်းမှာ ရစ်ချစ်တာစကေး ၇.၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူနှစ်ဦး သေဆုံးပြီး ဝယ်လင်တန်မြို့တော် အပါအဝင် ငလျင်ဒဏ်သင့် နေရာဒေသတွေမှာ ထိခိုက်ပျက်စီးမှုတန်ဖိုး ဒေါ်လာဘီလီယံနဲ့ချီ ရှိခဲ့ကြောင်း သိရပါတယ်။ ယနေ့ လှုပ်ခတ်ခဲ့တဲ့ ရစ်ချစ်တာစကေး ၅.၈ အဆင့် ငလျင်မတိုင်မီ ငလျင်ငယ်များ လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ထို့အတူ နောက်ဆက်တွဲ ငလျင်ငယ်များလည်း ထပ်မံ လှုပ်ခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။