မီးတောင်ဟာ နောက်ထပ် ပေါက်ကွဲနိုင်ခြေ ၅၀ မှ ၆၀ ရာခိုင်နှုန်းရှိနေပါတယ်။

နယူးဇီလန်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ အဖြူရောင်ကျွန်းမီးတောင်မှ အလောင်းခြောက်လောင်းကို အထူးတပ်ဖွဲ့ဝင် စစ်သားတွေက ရဟတ်ယာဥ်ဖြင့် သွားရောက်ယူဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ (ဒီဇင်ဘာ ၁၃ ရက်) ပြောပါတယ်။

(အလောင်းများ ပြန်လည်သယ်ယူသည့် ရဟတ်ယာဥ်တစ်စီး) (Photo: AP)

အဖြူရောင်ကျွန်း (White Island) မီးတောင်ဟာ နောက်ထပ် ပေါက်ကွဲနိုင်တဲ့ အန္တရာယ်ရှိနေပေမဲ့လည်း အလောင်းများရှာဖွေယူဆောင်ရန် နယူးဇီလန်စစ်တပ် အထူးတပ်ဖွဲ့က အလျင်အမြန် လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒရုန်းများအသုံးပြုပြီး အလောင်းခြောက်လောင်း တည်နေရာကို သိရှိရပြီးနောက် အလောင်းများပြန်လည်သယ်ဆောင်မှုကို စတင်ခဲ့ကြပါတယ်။



နောက်ထပ် ပျောက်ဆုံးနေသူ နှစ်ဦးကိုလည်း ရှာဖွေသွားမှာဖြစ်ပေမဲ့ ယခုကဲ့သို့ အန္တရာယ်ရှိတဲ့ အခြေအနေမှာ အချိန်ကန့်သတ်ချက်ရှိနေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီဇင်ဘာ ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မီးတောင်ပေါက်ကွဲမှုအတွင်း လူ ၁၆ ဦး သေဆုံးခဲ့တယ်လို့ ယူဆထားပါတယ်။

(မီးတောင်ရဲ့အခြေအနေ ဂြိုဟ်တုဓာတ်ပုံ) (Photo: Maxar Tech)

အစောပိုင်းမှာ မီးတောင်ပေါက်ကွဲမှုကြောင့် လူရှစ်ဦး သေဆုံးပြီး အခြားလူရှစ်ဦး ပျောက်ဆုံးနေကြောင်း အတည်ပြုထားခဲ့ပြီး ယခု ပြန်ရှာတွေ့တဲ့ အလောင်းခြောက်လောင်း အပါအဝင် လက်ရှိအချိန်အထိ လူ ၁၄ ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

မီးတောင်ပေါက်ကွဲမှုကြောင့် လူ ၂၀ ထက်မနည်း ပြင်းထန်တဲ့ လောင်ကျွမ်းဒဏ်ရာများရခဲ့ပြီး ဆေးရုံမှာ အထူးကြပ်မတ်ကုသမှု ခံယူနေဆဲဖြစ်ပါတယ်။ အထူးတပ်ဖွဲ့က အဖြူရောင်းကျွန်းသို့ အလောင်းများသွားရောက်ယူဆောင်စဥ် ဆွေမျိုးသားချင်းတွေက စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့ကြပါတယ်။

(ဆွေမျိုးသားချင်းများ စောင့်ဆိုင်းနေကြစဥ်) (Photo: Reuters)

အဖြူရောင်ကျွန်းမီးတောင် ပေါက်ကွဲစဥ်က ကျွန်းပေါ်မှာ ခရီးသွား ၄၇ ဦး ရှိနေခဲ့တယ်လို့ AFP သတင်းက ဖော်ပြပါတယ်။ အဆိုပါ ခရီးသွားတွေအနက် ဩစတြေးလျမှ ၂၄ ဦး၊ အမေရိကန်မှ ကိုးဦး၊ နယူးဇီလန်မှ ငါးဦး၊ ဂျာမနီမှ လေးဦး၊ တရုတ်မှ နှစ်ဦး၊ ဗြိတိန်မှ နှစ်ဦးနဲ့ မလေးရှားမှ တစ်ဦးဖြစ်ကြောင်း သိရပါတယ်။

အဖြူရောင်ကျွန်းမီးတောင်ဟာ ယမန်နေ့ (ဒီဇင်ဘာ ၁၂ ရက်) မှ လာမယ့် ၂၄ နာရီအတွင်း နောက်ထပ် ပေါက်ကွဲနိုင်ခြေ ၅၀ မှ ၆၀ ရာခိုင်နှုန်းရှိကြောင်း နယူးဇီလန် ဘူမိဗေဒဆိုင်ရာဘေးအန္တရာယ် သတင်းအချက်အလက်ဝက်ဘ်ဆိုက် GeoNet က ပြောထားခဲ့ပါတယ်။

(မီးတောင်ပေါက်ကွဲပြီးနောက် တွေ့ရသည့် ကယ်ဆယ်ရေးသမားနှစ်ဦး) (Photo: Xinhua/Barcroft Media)

ဝါကာရီ (Whakaari) လို့လည်း သိထားကြတဲ့ အဖြူရောင်ကျွန်း မီးတောင်ဟာ နယူးဇီလန်ရှိ သက်ဝင်လှုပ်ရှားမှုအရှိဆုံး မီးတောင်များအနက် တစ်ခုအပါအဝင် ဖြစ်ပါတယ်။ သို့သော် ပုဂ္ဂလိကပိုင် ကျွန်းပေါ်ရှိ အဆိုပါ မီးတောင်ဟာ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့ရှိတဲ့ နေရာတစ်ခုအဖြစ် ထင်ရှားပါတယ်။




Share

Loading Next Article...
က္က