ယခုလအစောပိုင်းက ဖြစ်ပွားခဲ့တဲ့ နယူးဇီလန်မီးတောင်ပေါက်ကွဲမှုအတွင်း ဒဏ်ရာရခဲ့သူတစ်ဦး အုတ်ကလန်မြို့ရှိ ဆေးရုံမှာ သေဆုံးခဲ့ကြောင်းနဲ့ သေဆုံးအရေအတွက် ၁၇ ဦးရှိလာကြောင်း ရဲတပ်ဖွဲ့က ယနေ့ (ဒီဇင်ဘာ ၂၃ ရက်) အတည်ပြု ထုတ်ပြန်ပါတယ်။
(အလောင်းများရှာဖွေရေးလုပ်ဆောင်နေစဥ်) (Photo: New Zealand Defence Force via AP)
"မနေ့ကည ၁၁ နာရီ မတိုင်ခင်က မီးတောင်ပေါက်ကွဲမှုကြောင် ဒဏ်ရာရခဲ့သူ နောက်တစ်ယောက် Middlemore ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့အနေနဲ့ အတည်ပြုနိုင်ပါတယ်" လို့ လက်ထောက်ရဲချုပ် ဂျွန်တင်မ်စ်က ယနေ့ထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။
ဒီဇင်ဘာ ၉ ရက်နေ့က အဖြူရောင်ကျွန်း (White Island) မီးတောင် ရုတ်တရက် ပေါက်ကွဲမှုအတွင်း အသက် ၁၇ နှစ်အရွယ် ဩစတြေလျးဆယ်ကျော်သက်နဲ့ အသက် ၄၀ အရွယ် နယူးဇီလန် ဧည့်လမ်းညွှန်တို့ ပျောက်ဆုံးနေဆဲဖြစ်ပြီး သေဆုံးခဲ့ပြီလို့ ယူဆထားပါတယ်။ ၎င်းတို့ရဲ့အလောင်းများ ပင်လယ်ထဲသို့မျောပါသွားခဲ့တယ်လို့ ယုံကြည်ရပါတယ်။
(ရုတ်တရက် ပေါက်ကွဲခဲ့သည့် မီးတောင်) (Photo: Jorge Silva/Reuters)
သို့သော် သေဆုံးပြီလို့ ယူဆရတဲ့ ပျောက်ဆုံးနေသူနှစ်ဦးရဲ့ အလောင်းတွေကို ရှာဖွေနေဆဲဖြစ်ပြီး လက်မလျှော့သေးကြောင်း ရဲတပ်ဖွဲ့က ပြောထားပါတယ်။ အဆိုပါ နှစ်ဦးကိုပါ သေဆုံးစာရင်းမှာ ထည့်သွင်းပါက အဖြူရောင်ကျွန်းမီးတောင် ပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၁၉ ဦးဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
အဖြူရောင်ကျွန်းမီးတောင် ပေါက်ကွဲစဥ်က ကျွန်းပေါ်မှာ ခရီးသွား ၄၇ ဦး ရှိနေခဲ့တယ်လို့ AFP သတင်းက ဖော်ပြပါတယ်။ အဆိုပါ ခရီးသွားတွေအနက် ဩစတြေးလျမှ ၂၄ ဦး၊ အမေရိကန်မှ ကိုးဦး၊ နယူးဇီလန်မှ ငါးဦး၊ ဂျာမနီမှ လေးဦး၊ တရုတ်မှ နှစ်ဦး၊ ဗြိတိန်မှ နှစ်ဦးနဲ့ မလေးရှားမှ တစ်ဦးဖြစ်ကြောင်း သိရပါတယ်။
(မီးတောင်တည်နေရာပြမြေပုံ)
ဝါကာရီ (Whakaari) လို့လည်း သိထားကြတဲ့ အဖြူရောင်ကျွန်း မီးတောင်ဟာ နယူးဇီလန်ရှိ သက်ဝင်လှုပ်ရှားမှုအရှိဆုံး မီးတောင်များအနက် တစ်ခုအပါအဝင် ဖြစ်ပါတယ်။ သို့သော် ပုဂ္ဂလိကပိုင် ကျွန်းပေါ်ရှိ အဆိုပါ မီးတောင်ဟာ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့ရှိတဲ့ နေရာတစ်ခုအဖြစ် ထင်ရှားပါတယ်။